ရော်နယ်ဒို ပွဲမပြီးခင် ထ ထွက်သွားတာက မှားတယ်၊ မှန်တယ် ဝေဖန် ငြင်းခုန်မှုတွေ တိုးပွားလာနေ

မန်ချက်စတာ ယူနိုက်တက် ရဲ့ တော့တင်ဟမ် စပါး ကို ၂-ဝ နဲ့ နိုင်တဲ့ ပွဲမှာ ပွဲချိန် မိနစ် ၉ဝ မပြည့်သေးခင် ဥမင်ထဲ ပြန်ဝင်သွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ လုပ်ရပ်ဟာ ပြောစရာတွေ တပုံတပင် ဖြစ်ကျန်ခဲ့ပါတယ်။ ရော်နယ်ဒို ဟာ အဝတ်လဲခန်းထဲ ပြန်ဝင်သွားတာ မဟုတ်ဘဲ တခါတည်း တန်းပြန်သွားခဲ့တာလို့ သိရပါတယ်။

စပါးကို နိုင်တဲ့ ပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ အဝတ်လဲခန်းထဲ အောင်ပွဲခံခဲ့ကြသေးပေမယ့် ရော်နယ်ဒို မပါဝင်လာတော့ပါဘူး။

ပွဲ မပြီးခင် ထပြန်သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ် အပေါ် ဝေဖန်မှုတွေ၊ စာနာတဲ့ ဖေးမမှုတွေလည်း ရှိနေကြပြီး သရဲနီ ပရိသတ်တွေထဲမှာကို သဘောကွဲလွဲမှုတွေ ရှိနေတာပါ။

မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် အီဗရာကတော့ သူ့အသင်းဖော်ဟောင်း ရော်နယ်ဒိုမှာ အကြောင်း ရှိလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

အီဗရာက ” လူတိုင်းကတော့ မတူညီကြဘူးလေ၊ ကျနော်က အသင်း စွမ်းဆောင်ရည် အကြောင်းပဲ ပြောချင်တာပါ။ ခရစ္စတီယာနို ကို ကာကွယ်တာတွေ ဘာတွေ မပြောချင်ဘူး။ ဒါပေမယ့် သူ တန်ဟက်ကို ဘာပြောသွားသလဲတောင် ကျနေ်ာတို့ သိတာ မဟုတ်ဘူးလေ။ သူ့မှာ ခိုင်လုံတဲ့ အကြောင်း ရှိချင် ရှိမှာပါ။

‘ ငါ အထဲဝင်နှင့်မယ်နော် ‘ လို့ ပြောသွားသလား။ ကုသမှု တစ်ခုခု ခံစရာ ရှိလို့လား၊ တန်ဟက်ကို အသိပေး သွားသလား မသိနိုင်ဘူးလေ။

ရော်နယ်ဒို လမ်းလျှောက်ဝင်သွားတာ တွေ့တာနဲ့ ကျနော်တို့ ဇာတ်လမ်းတွေ ဖန်တီးလို့ မရဘူး။ ကျနော် ဆင်ခြေတွေလည်း မပြောပေးချင်ပါဘူး။ လူတိုင်း သူ့အကြောင်း ပြောနေတာတွေ ရပ်သင့်ပြီ။ ” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

တဖက်မှာ ပရီးမီးယားလိဂ် ခံစစ်မှုးဟောင်း ဒန်နီမေးစ်ကတော့ ရော်နယ်ဒို လုပ်ရပ်ဟာ တကိုယ်ကောင်း ဆန်ပြီး လုံးဝ မလေးစားတဲ့ သဘော သက်ရောက်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။

ဒန်နီမေးစ်က ရော်နယ်ဒို အပြုအမူနဲ့ ပတ်သတ်ပြီး ” ဒါက နည်းနည်း တကိုယ်ကောင်းဆန်တာပါ။ ‘ ဟာ .. ဒီနိုင်ပွဲမှာ ငါကတော့ မပါဘူး’ ဆိုတဲ့ အချိုးမျိုးပါ။ လူတိုင်းက သူ ဒီလို လုပ်ရင် ကောင်းကောင်း မြင်ကြ သိကြမယ် ဆိုတာလည်း သူသိတယ်။

ကျနေ်ာတော့ ယူနိုက်တက် အတွက်ပဲ စိတ် မကောင်း ဖြစ်တာ။ တန်ဟက်ရဲ့ အသင်းဟာ အသင်းကြီး ပြိုင်ဘက် တစ်သင်းကို ရလဒ်ကောင်းနဲ့ နိုင်ခဲ့တာ။ ဒါပေမယ့် သတင်းတွေက ရော်နယ်ဒို အကြောင်းပဲ လာတော့မယ်။ တကယ့်ကို ကျက်သရေ မရှိတာပဲ။

ရော်နယ်ဒိုက အသင်းကို လုံးဝ လေးစားမှု မရှိတာ လို့ ကျနော်ထင်တယ်။ မန်နေဂျာကိုရော၊ ပရိသတ်တွေကိုရောပဲ။ သူတို့က ၂-ဝ နဲ့ နိုင်နေတာလေ။ ဘာ စောဒက တက်ချင်သေးလို့လဲ။

၂-ဝ နဲ့ ရှုံးနေရင်တောင် ဒီလို လုပ်ရပ်က မမှန်ဘူး၊ ဒါပေမယ့် နားလည်ပေးလို့ ရဦးမယ်။ သူက သူ့ကိုယ်သူ ကလပ်အသင်းထက် ကြီးမြတ်တယ်လို့ သေချာပေါက် ထင်နေတာပဲ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။