ရော်နယ်ဒို ကို ပွဲထွက် ကစားသမား အဖြစ် မသုံးတော့ရင် ထွက်ခွင့်ပေးလိုက်ဖို့ သရဲနီဟောင်း ဖာဒီနန် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုကို မလိုချင်တော့ရင် အသင်းကနေ ထွက်ခွာခွင့် ပေးသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စပါးနဲ့ ပွဲမှာ ရော်နယ်ဒို က ပွဲထွက်က မပါတဲ့ အပြင် မိနစ် ၈ဝ ကျော်သည်ထိ လူစားဝင် ကစားခွင့် မရခဲ့ပါဘူး။ ရော်နယ်ဒို ကလည်း စပါးနဲ့ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် မကစားခဲ့ရတာကြောင့် တန်ဟက် ကို ဆန္ဒပြတဲ့အနေနဲ့ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားဖို့ ငြင်းဆန်ခဲ့သလို ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။

အဆိုပါ လုပ်ရပ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့နဲ့ တန်ဟက်ဂ်က ရော်နယ်ဒို ကို ချယ်လ်ဆီးနဲ့ ကစားရမယ့် ပွဲစဉ်အတွက် အသင်းရဲ့ လူစာရင်း ကနေ ထုတ်ပယ်ခဲ့သလို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့်လည်း ပိတ်ကာ အပြစ်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ စပါးနဲ့ပွဲက လုပ်ရပ်ကြောင့် ရော်နယ်ဒို အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပြီး ရော်နယ်ဒို ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ တန်ဟက် ဂ်တို့ဟာ ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် မသုံးချင်တော့ရင် အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်သင့်ကြောင်း တောင်းဆို လိုက်ပါတယ်။

ဖာဒီနန် က – “တကယ်လို့ တန်ဟက် ကသာ ရော်နယ်ဒို ကို ပွဲထွက် ကစားသမား အဖြစ် မမြင်တော့ဘူး ဆိုရင် မန်ချက်စတာ ယူနိုက်တက်က ရော်နယ်ဒို ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်သင့်ပါတယ်။ ဒါက နှစ်ဖက်စလုံး အတွက် အကောင်းဆုံး ဖြေရှင်းနည်းပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အသက်အရွယ်ကြောင့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

ရော်နယ်ဒို က ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် အသက် အရွယ်ကြောင့် အကျပိုင်းကို ရောက်နေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက် က ခြေစွမ်းကျလာတဲ့ ရော်နယ်ဒို ကို အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် မသတ်မှတ်ထားပဲ ပွဲထွက် လူစာရင်းမှာ သိပ် ထည့်သွင်းလေ့ မရှိပါဘူး။