ဟာလန်း ကို ပုံကြီးချဲ့ ချီးကျူးနေကြတာ၊ လိဂ် ၂ ဆင်းကန်ရင် ဘယ်နှဂိုး ရမှာမို့လို့လဲ လို့ ပေါမာဆင် ဘလိုင်းကြီး ဝေဖန်
မန်ချက်စတာစီးတီးအတွက် ဒီရာသီအစောပိုင်းမှာပဲ ဂိုးပေါင်း ၂၀ အထိ သွင်းယူပေးထားပေမယ့် အာလင် ဟာလန်းဟာ အင်္ဂလန်ကို ရောက်လာကတည်းက အလွန်အမင်း ပုံကြီးချဲ့ ချီးကျူး ပြောဆိုခံနေရတယ်လို့ ဂန်းနားဟောင်းကြီး ပေါမာဆင်က သုံးသပ်လိုက်ပါတယ်။
ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ ဟာလန်းဟာ အနီးကပ်ပြိုင်ဘက် ဟယ်ရီကိန်းထက် ၆ ဂိုးအထိ ပိုမိုသွင်းယူထားကာ ဒီရာသီမှာ လီဗာပူးလ်နဲ့ ဘုန်းမောက်တို့ကိုသာ ဂိုးမသွင်းနိုင်သေးတာဖြစ်ပါတယ်။
ဒီလိုခြေစွမ်းတွေကို ဟာလန်းက ပြသနေပေမယ့် ပေါမာဆင် ကတော့ နော်ဝေတိုက်စစ်မှူးအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုမရှိသေးဘဲ ဒီကစားသမားရဲ့ အရည်အချင်းက အကန့်အသတ်နဲ့သာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
အင်္ဂလန် လိဂ်-၂ မှာ ကစားမယ်ဆိုရင်တောင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူးလို့လည်း သူက ထပ်ပြောခဲ့ပြီး ဂိုးရဖို့အတွက် ရုန်းကန်နေရလိမ့်မယ်လို့ ပေါမာဆင် က ဆိုခဲ့တာပါ။

“မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို လိုချင်နေပါလိမ့်မယ်၊ စနေနေ့ မှာ ဘရိုက်တန်နဲ့ သူတို့ကစားရမယ်၊ ပြီးတော့ ချန်ပီယံလိဂ်မှာ ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီတို့နဲ့ ဆီမီးပွဲကန်ဖို့ရှိတယ်ဆိုပါစို့၊ ဥရောပပွဲကိုပဲ အာရုံစိုက်မှာပါ၊ နောက်ဆုံး ၅ နှစ်မှာ သူတို့က ၄ ကြိမ် အမှတ်ပေးဖလားရခဲ့ပြီးပါပြီ၊ ကမ္ဘာ့ဖလားကန်တော့မယ်ဆိုရင် ဟာလန်းက ၆ ပတ်လောက် ကစားရတော့မှာ မဟုတ်ပါဘူး။”
“လူတိုင်းက သူ ဘယ်လောက်ထူးချွန်ပြီး ကောင်းလဲ၊ သူ့ရဲ့ လှုပ်ရှားမှုတွေက ဘယ်လောက်ထိ အစွမ်းထက်လဲ ဆိုတာကို ပြောနေကြပေမယ့် သူ ဘောလုံး မရရင် သူ့လှုပ်ရှားပုံဘယ်လောက်ကောင်းကောင်း ဘာမှဖြစ်မလာပါဘူး၊ လိဂ်-၂ မှာတောင်မှ သူ ဂိုး ၆၀ ရမှာမဟုတ်ပါဘူး၊ လိဂ်-၂ က ဝါဆောမှာ ကျနော်နည်းပြလုပ်ခဲ့ဖူးပါတယ်” လို့ ပေါမာဆင် က ပြောဆိုခဲ့ပါတယ်။
ပေါမာဆင် က ဝါဆောနည်းပြအဖြစ် ၂ နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး ချန်ပီယံရှစ်နဲ့ လိဂ်-၁ တွေမှာ အသင်းကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။
