မန်စီးတီး ၃-၁ ဘရိုက်တန်၊ ပြိုင်ဘက်က ခြေကောင်းလည်း တိုက်စစ်စွမ်း ပိုသာတဲ့ စီးတီး သက်တောင့်သက်သာ အနိုင်ရ

မန်ချက်စတာစီးတီးက ဘရိုက်တန်ကို မနေ့ညက အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဒီဘရိုင်း၊ ဟာလန်းတို့ သွင်းဂိုးတွေနဲ့ အတူ ၃-၁ ရလဒ် ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

စီးတီးက ဒီပွဲ မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်၊ အာကန်ဂျီနဲ့ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဟားလန်းနဲ့ မာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ဝက်ဘ်စတာ၊ ဗဲ့လ်မန်းတို့ကို စုဖွဲ့ပေးခဲ့ပြီး ကွင်းလယ်မှာတော့ မာ့ချ်၊ မက္ကယ်လစ္စတာ၊ ကိုင်စီဒိုနဲ့ ထရော့ဆတ်တို့ကို ခင်းကျင်းလာခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဂရော့စ်၊ လယ်လာနာနဲ့ ဝဲလ်ဘက်ခ်တို့ ပွဲထွက်လာခဲ့တာပါ။

မန်စီးတီးကွင်းမှာပေမယ့် အသင်းကို တည်ဆောက်ထားပုံ ချောမွေ့ပြီး စုဖွဲ့မှုအားကောင်းတဲ့ ဘရိုက်တန်တို့ အတော်လေး ယှဉ်ကစားနိုင်ခဲ့ကြပြီး သူတို့တွေအနေနဲ့ အိမ်ရှင်တွေကို ဘောလုံးပိုင်ဆိုင်မှုမှာတောင် အတော် လိုက်နိုင်သလို တိုက်စစ်ချင်းမှာသာ ကွာလတီ ကွာလွန်းတဲ့အတွက် ထင်သလို မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းမှာ ဂရီးလစ်ရှ် ပြန်ပါလာခဲ့တဲ့ စီးတီးတို့ရဲ့ ဘောလုံးလမ်းကြောင်းတွေ ပိုများလာခဲ့သလို ကွင်းလယ်မှာလည်း ဒီဘရိုင်းနားက ပိုပြီး လွတ်လပ်ခွင့်ရခဲ့ပြီး ဖန်တီးမှုပိုလုပ်နိုင်ခဲ့ချိန်မှာ ပွဲချိန် မိနစ် ၂၀ မှာတော့ ဟားလန်းရဲ့ ခြေထောက်ကို ဘရိုက်တန်ဂိုးသမား ဆန်ချက်ဇ်က ဖျက်မိခဲ့ပေမယ့် ပင်နယ်တီ ငြင်းပယ်ခံခဲ့ရပြီး VAR ကလည်း တစ်သဘောတည်း ရှိခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ အီဒါဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘရိုက်တန် ခံစစ်က မဖျက်နိုင်ခဲ့ချိန်မှာ ထွက်လာတဲ့ ဂိုးသမားကို ဟားလန်းက ကျော်ဖြတ်ပြီး ဝင်ဖျက်ဖို့ ကြိုးစားတဲ့ ဝက်ဘ်စတာကိုပါ တောင့်ခံပြီးမှ လူမရှိတဲ့ ဂိုးထဲကို အသာအယာ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘာနာဒို ဆေးလ်ဗားကို ခြေချိတ်မိတဲ့ လူးဝစ္စ ဒန့်ခ်ကြောင့် အိမ်ရှင်တွေ ပင်နယ်တီ တောင်းဆိုခဲ့တာကို VAR နဲ့ ဒိုင်အဖွဲ့က တော်တော်လေး တိုရေရှားရေလုပ်ပြီးမှ ပေးတဲ့ ပင်နယ်တီကို ဟားလန်းကပဲ ဂိုးသမား ဆန်ချက်ဇ်ရဲ့ ဘယ်ဘက်ကို မာရက်ဇ် ကန်နေကျပုံစံမျိုးအတိုင်း အပြင်းကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ဘရိုက်တန်ဘက်က လယ်လာနာအစား တောင်ပံ ကစားသမား လမ့်ပ်တေကို ထည့်သွင်းပြီး နည်းပြ ဒီဇာဘီအနေနဲ့ တိုက်စစ်မြှင့်ကစားဖို့ ကြိုးစားလာခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ ဖိကစားနေတဲ့ သူတို့ကို တန်ပြန်တိုက်စစ်ကနေ မာရက်ဇ် ပေးတာကို ဒီဘရိုင်းနားက ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ခြေထောက်နဲ့ ထိထွက်ခဲ့လို့ သက်သာသွားခဲ့ရပါတယ်။

တစ်မိနစ်အကြာမှာတော့ ဘရိုက်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပွဲချိန် ၅၃ မိနစ်မှာ လာပေါ့တ်က အာကန်ဂျီဆီ ခေါင်းတိုက်ပေးခဲ့တဲ့ ဘောလုံးကို တောင်ပံသမား ဆော်လီ မာ့ချ်က ဖြတ်ယူပြီး ပေးတာကို ဂိုးပေါက်ပျောက်နေခဲ့တဲ့ ထရော့ဆတ်က အပြင်းကန်သွင်းပြီး ဂိုးသမား အီဒါဆန်ကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ စီးတီးတို့ဘက်က မာရက်ဇ်အစား ဖိုဒန် ဝင်ကစားလာခဲ့ပြီး ဘရိုက်တန်ဘက်ကတော့ ဗဲ့လ်မန်းအစား အက်စ်တူပီညန်ကို ထည့်ပြီး 4 Back ပုံစံ ပြောင်းကစားခဲ့ချိန်မှာ သူတို့တွေကတောင် ဘောလုံးပိုကိုင်နိုင်ခဲ့ပြီး မန်စီးတီးနဲ့ အစ်တီဟတ်ဘက်ကို ဒီရာသီမှာ ဘောလုံးပိုင်ဆိုင်မှု ပိုရယူနိုင်တဲ့ အသင်းအဖြစ် ၅၃ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ နည်းနည်းလန့်နေရတဲ့ စီးတီးတို့အတွက် စိတ်ချရစေမယ့် တတိယဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘာနာဒို ဆေးလ်ဗားက ဂိုးဧရိယာထိပ်ကို အနိမ့်ဘော လှမ်းချိုးပေးတဲ့ ဘောလုံးကို လက်ခံရရှိခဲ့တဲ့ ဒီဘရိုင်းနားက အချိန်မဆိုင်းဘဲ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးဘယ်ဘက်အပေါ်ထောင့်ကို ဝင်သွားခဲ့တာကြောင့် ဂိုးသမား ဆန်ချက်ဇ် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ဘက်က ဂရီးလစ်ရှ်နဲ့ ဟားလန်းအစား ပါးလ်မားနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ထည့်ပြီး ထိန်းကစားသွားခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ ဝဲလ်ဘက်ခ်၊ မက္ကယ်လစ္စတာနဲ့ ဂရော့စ်တို့အစား အန်ဒက်ဗ်၊ ဂီးလ်မိုးနဲ့ ဆာမီယန်တိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ဂိုးပြန်ရအောင်တော့ မစွမ်းနိုင်ခဲ့လို့ အစ်တီဟတ်မှာ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ လီဗာပူးလ်နဲ့ ရှုံးပွဲအတွက် တုံ့ပြန်ပြနိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ကစားရမယ့် အာဆင်နယ်တို့ထက် တစ်ပွဲပိုကစားပြီး တစ်မှတ်အကွာကို ပြန်ရောက်လာနိုင် ခဲ့ပါတယ်။