၄ လ အတွင်း ဆာလာရဲ့ မှတ်တမ်းကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် စံချိန်သစ် တင်နိုင်တော့မယ့် ဟာလန်း

မန်စီးတီး အသင်းရဲ့ နော်ဝေနာမည်ကျော် တိုက်စစ်မှူး ဟာလန်းဟာ အခု သွင်းဂိုးနှုန်းအတိုင်းသာ ဂိုးတွေ ဆက်လက် သွင်းနိုင်မယ်ဆိုရင် ၄ လ အတွင်း လာမယ့် ဖေဖော်ဝါရီလထဲမှာပဲ လီဗာပူးလ် တိုက်စစ်ကစားသမား ဆာလာရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ရှိနေပါတယ်။

ဘရိုက်တန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းက (၂)ဂိုးသွင်းယူခဲ့ပြီး စီးတီး ဂန္ထဝင်တိုက်စစ်မှူးအဂွဲရိုး (၂၀၁၈၊ ဖေဖော်ဝါရီ) နောက်ပိုင်း ပြိုင်ပွဲစုံ အိမ်ကွင်း(၇)ပွဲဆက် ဂိုးသွင်းနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်(၁၁)ပွဲကစားပြီးချိန်မှာပဲ ဟာလန်းရဲ့ သွင်းဂိုးအရေအတွက်က (၁၇)ဂိုးအထိရှိနေပြီး သူ ဂိုး မသွင်းနိုင်တာဆိုလို့ ဘုန်းမောက်၊ လီဗာပူးလ်တို့နဲ့ ကစားခဲ့တဲ့ (၂)ပွဲသာရှိပါတယ်။

ဒ့ါအပြင် ဟာလန်းဟာ ခရစ္စတယ်ပဲလေ့စ်၊ နော်တင်ဟမ်ဖောရက်စ်၊ မန်ချက်စတာယူနိုက်တက်တို့ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ ဟက်ထရစ် သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ် အိမ်ကွင်း(၃)ပွဲဆက် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခုဆိုရင် ဟာလန်းဟာ မနှစ် (၂၃)ဂိုးစီနဲ့ သွင်းဂိုး အများဆုံးရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ကြတဲ့ ဆာလာ၊ ဆွန်ဟောင်မင် တို့ရဲ့ သွင်းဂိုးအရေအတွက်ကို မီဖို့ (၆)ဂိုးသာ လိုပါတော့တယ်။

Offers ဝက်ဘ်ဆိုက်ရဲ့ သုံးသပ်ချက်အရ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၁.၆၅)ဂိုး အထိရှိနေပြီး ဒီသွင်းဂိုးနှုန်းအရဆိုရင် ဆာလာ တင်ရှိထားတဲ့ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း သွင်းဂိုး အများဆုံး စံချိန်ကို ရာသီမကုန်ခင် ဖေဖော်ဝါရီလလောက်မှာပဲ ချိုးနိုင်ဖို့ရှိနေပါတယ်။

လီဗာပူးလ်နာမည်ကျော်တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၁၇-၁၈ ရာသီတုန်းက (၃၂)ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယား လိဂ် ပြိုင်ပွဲကို (၃၈)ပွဲ အဖြစ်ပြောင်းလဲခဲ့တဲ့နောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ အန်ဒီကိုးလ်(နယူးကာဆယ်- ၁၉၉၃-၉၄)၊ ရှီးယား(ဘလက်ဘန်း၊ ၁၉၉၄-၉၅) တို့က (၃၄)ဂိုးစီနဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားပေမယ့် အဲဒီရာသီတွေမှာ စုစုပေါင်း (၄၂)ပွဲအထိကစားခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ လာမယ့်နှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်ကျရင် ဘုန်းမောက်နဲ့ကစားမယ့်ပွဲမှာ ဆာလာရဲ့ သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ဖို့ရှိသလို နောက်ထပ်(၂)ပွဲအကြာမှာ အန်ဒီကိုးလ်၊ ရှီးယားတို့ရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ရှိပါတယ်။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်တင်ခဲ့တာက ၁၉၂၇-၂၈ ရာသီမှာ ဂိုး(၆၀)အထိသွင်းယူခဲ့တဲ့ အဲဗာတန် ဂန္ထဝင်တိုက်စစ်မှူး ဒီဆီဒိန်းဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ တစ်ပွဲပျမ်းမျှ (၁.၆၅) သွင်းဂိုးနှုန်း ကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင်တောင် ရာသီကုန်မှာ (၅၉)ဂိုးသာ သွင်းနိုင်မှာဖြစ်တာကြောင့် ဒီဆီဒိန်းစံချိန်ကို အမီလိုက်နိုင်ဖို့ မဖြစ်နိုင်သေးဘူး သုံးသပ်ရမှာပါ။