ဟာလန်း အတွက် အမှတ်တရ အခွင့်ကောင်းတွေ ရမှာ ကို ဂွာဒီယိုလာ ပယ်ချခဲ့လို့ စီးတီး ပရိသတ်များ မကျေနပ် ဖြစ်နေ

မနေ့ညက ဒေါ့မွန် နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းကို လူစားလဲ ပစ်ခဲ့တဲ့ မန်ချက်စတာ စီးတီး နည်းပြ ဂွါဒီယိုလာရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေ အပြစ်ပြောနေကြပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးဟာ ဧည့်သည်အသင်းဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့ပြီး ပွဲကို စိုးမိုးနိုင်ခဲ့တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း ဂိုးပေါက်ခြိမ်းခြောက်မှုတွေသာရှိပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် ပထမပိုင်း ပြီးဆုံးချိန်မှာပဲ တိုက်စစ်မှူး ဟာလန်းကို ဘာနာဒိုဆေးလ်ဗားနဲ့ လူစားလဲခဲ့ တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

အထူးသဖြင့် ဟာလန်းရဲ့ အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန် ကို နော်ဝေတိုက်စစ်မှူးတစ်ယောက် ပထမဆုံး အကြိမ်အဖြစ် ပြိုင်ဘက်အသွင်နဲ့ တစ်ကျော့ပြန်ရောက်ရှိလာတဲ့အချိန်မှာ ဂိုးသွင်းယူတာကို မန်စီးတီး ပရိသတ်တွေ မြင်ချင်ခဲ့ကြတယ်။

ဒါပေမဲ့ ပရိသတ်တွေရဲ့ ဆန္ဒမပြည့်ဝခဲ့သလို ဟာလန်းဟာဆိုရင်လည်း ဒေါ့တ် မန်နဲပွဲစဉ် ပထမပိုင်းမှာ အသံ တိတ်နေခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဂိုးမရှိ သရေရလဒ်ရရှိခဲ့ပေမယ့် မန်စီးတီးကတော့ ချန်ပီယံလိဂ် အုပ်စု G ရဲ့ ထိပ်ဆုံးနေရာကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြဂွါဒီယိုလာ ရဲ့ မန်စီးတီးဟာ တိုက်စစ်မှူး မာရက်ဇ်ရဲ့ ပင်နယ်တီ ဂိုးမဝင်ခဲ့တာကြောင့် နစ်နာခဲ့တဲ့အပြင် ဘောလုံး ပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အပိုင်အခွင့် အရေး ၃ ကြိမ်လည်း ရခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အပြင် ဟာလန်းကိုပါ ထုတ်ပစ်လိုက်တော့ မန်စီးတီးပရိသတ်တွေ လိုင်းပေါ်တက် ပြီး ပေါက်ကွဲခဲ့ကြပါတယ်။

” ဟာလန်းကို ထုတ်ပစ်တယ်ပေါ့။ ဘာလဲဟ ဂွါဒီယိုလာကြီးရ ” လို့ ပရိသတ် တစ်ယောက်က လိုင်းပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒုတိယ တစ်ယောက်ကတော့ ” နည်းပြဂွါဒီယိုလာက ဂိုးမရှိ သရေကျနေတဲ့ ပွဲ မှာ ဟာလန်းကို ထုတ်ပစ်လိုက်တာက အဓိပ္ပာယ် မရှိလိုက်တာ။ ကိုယ့်ရဲ့ ကြယ်ပွင့်ကစားသမားက သမိုင်းဝင် သွင်းဂိုးတွေ သွင်းမယ့် အခွင့်အရေးကို ကိုယ်တိုင် ပယ်ဖျက်လိုက်တာပဲ ” လို့ ရေးသားခဲ့ပါတယ်။

တတိယ တစ် ယောက်ကတော့ ” အဝတ်လဲခန်းထဲကို သွားတဲ့လမ်းမှာ ခေါင်းကို တစ်ခုခုနဲ့ ဝင်တိုက်လာခဲ့မိတာလား ဂွါဒီယိုလာ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဟာလန်းဟာ ခြေထောက်ကို အနည်းငယ် ထိခိုက်မိခဲ့တာကြောင့် လူစားလဲခဲ့တာ ဖြစ်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ဖြေရှင်းထားပါတယ်။