လက်စတာနဲ့ ပွဲမှာ မပါနိုင်ခဲ့တဲ့ တိုက်စစ်မှုး ဟာလန်း ဒဏ်ရာကနေ ဘယ်တော့ ပြန်လာမလဲ ဂွာဒီယိုလာ ဖြေကြား
မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲကို တိုက်စစ်မှုး ဟာလန်း မပါဘဲ ကစားခဲ့ရပြီး ဂိုး ရဖို့ အတော် ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာ ဒီဘရိုင်း ဂိုးသွင်းခဲ့တာကြောင့်သာ စီးတီးတို့ သက်သာရာ ရခဲ့ပြီး နိုင်ပွဲ ရခဲ့တာပါ။
ဟာလန်းဟာ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်သက်သာဖို့ ကြိုးစားနေရဆဲ ဖြစ်ပြီး နော်ဝေသားတစ်ယောက် ဘယ်ချိန် ပြန် ပါဝင် ကစားနိုင်မလဲ ဆိုတာကို ညက ပွဲ အပြီးမှာ ဂွာဒီယိုလာက ဖြေရှင်းခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ကြားရက် ဒေါ့မွန်နဲ့ပွဲမှာတည်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ပွဲချိန်ဝက်သာ ကစားခဲ့ရပါတယ်။

ဟာလန်း ဘယ်အချိန် ပြန် ကစားနိုင်မလဲ အမေး ကို ဂွာဒီယိုလာက ” ကျနော် သေချာ မသိဘူး။ သူက အဆစ်လွဲသွားတာပါ။ တော်တော်တော့ ကောင်းလာနေပါပြီ။ နောက်အပတ်လောက်ဆို အခြေအနေ ပို သိရမယ်။
လာမယ့် ဆီဗီလာနဲ့ ပွဲမှာ သူ ပါဝင် ကစားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့လည်း အုပ်စု တက်ပြီးပြီလေ။ ဒီတော့ နောက်ပွဲ ဖူလ်ဟမ်နဲ့ ပွဲမှာ သူ ပြန် ပါဝင်နိုင်ဖို့ မျှော်လင့်ရပါတယ်။
အဲဒီပွဲမှာ သူ မပါနိုင်ဘူး ဆိုရင် ချယ်ဆီးနဲ့ ကစားရမယ့် ကာရာဘောင်းဖလား ပွဲ ပါဝင်နိုင်ဖွယ် မရှိဘူးထင်တယ်။ ” လို့ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။
ဂွာဒီယိုလာ အနေနဲ့တော့ ဟာလန်းကို ဒီတလော အနားပေးထားရတာ ကျေနပ်ရဖွယ် ရှိပါတယ်။ ဟာလန်းဟာ ခြေကျင်းဝတ် ဒဏ်ရာတင် မက ပွဲပန်းတာနဲ့ အဖျားရှိခဲ့တာလည်း ရှိနေပါတယ်။
မန်စီးတီးဟာ လာမယ့် နိုဝင်ဘာ ၅ ရက် စနေနေ့မှာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ ၉ ရက်နေ့ ကြာသပတေးနေ့မှာ ချယ်ဆီးနဲ့ လိဂ်ဖလားပွဲ ကစားရဖို့ ရှိနေပြီး ထိုနှစ်ပွဲ ပြီးရင်တော့ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲ ကစားရမှာ ဖြစ်ပါတယ်။
