အမှတ်ပေးဇယား ပထမ နေရာကို မန်စီးတီး ဘယ်အချိန် အပိုင်သိမ်းမလဲ ဂွာဒီယိုလာ ထုတ်ဖော် ပြောဆို

နိုဝင်ဘာလထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှိနေပြီး ထိုကာလအတွင်း ကလပ်ပြိုင်ပွဲတွေ ရပ်နားတဲ့အချိန်ကျရင် မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးမှာ ရှိနေဖို့ ပက်ဂွာဒီယိုလာက သူ့ကစားသမားတွေကို စိန်ခေါ်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရတ်စ်ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်က ဇယားထိပ်နေရာကို ပြန်ယူသွားတဲ့နောက် စီးတီးက အဆင့် ၂ ကို ရောက်နေတာပါ။

စီးတီးဟာ ဒီဘရိုင်းရဲ့ မှင်သက်ဖွယ် ဖရီးကစ်ဂိုးကြောင့် လက်စတာကို ၁-၀ နဲ့ အနိုင်ရပြီး ခဏတာ အဆင့် ၁ နေရာ ကို ရခဲ့တာ ဖြစ်ပါတယ်။ အခု သူတို့ဟာ နိုဝင်ဘာ ၂၀ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင်အထိ ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်တို့နဲ့ အိမ်ကွင်းပွဲ၊ ဆီဗီလာနဲ့ ချန်ပီယံလိဂ်၊ ချယ်ဆီးနဲ့ ကာရာဘောင်းဖလားပွဲတို့ ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒါပြီးရင်တော့ စီးတီးဟာ ဒီဇင်ဘာနှောင်းပိုင်း အထိ ပွဲကစားရတော့မှာမဟုတ်တာကြောင့် ဂွာဒီယိုလာက အဲ့ဒီ့အချိန် မတိုင်ခင်မှာ ဇယားထိပ်ဆုံးနေရာကို ရချင်နေတာပါ။

“ဒီတစ်ပတ်က တကယ်ကို ကောင်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဆီဗီလာနဲ့ပွဲအတွက် အားပြန်ဖြည့်လို့ရတယ်။ သိပ်မကစားရတဲ့ ကစားသမားတွေ ကစားရမယ်၊ လက်စတာနဲ့ပွဲမှာ ကစားခဲ့တဲ့သူတွေ ကစားရမယ်။ အဲ့ဒါပြီးရင် ကာရာဘောင်းဖလားရှိတယ်။ ဒါလဲ အရေးကြီးပါတယ်။

လိဂ်မှာ ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်တို့နဲ့ အိမ်ကွင်းပွဲတွေ ကစားရမယ်။ ပြက္ခဒိန်ကို ကျွန်တော်သိပါတယ်။ နောက်အပတ်မှာ ချယ်ဆီးက အာဆင်နယ်နဲ့ ကစားရမယ်၊ စပါးက လီဗာပူးနဲ့ ကစားရမယ်။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပဲ။ ကမ္ဘာ့ဖလားစတဲ့ အချိန်ကျရင် ကျွန်တော်တို့ လိဂ်ဇယားထိပ်ဆုံးကို ရောက်ချင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ကောင်းကောင်းအနားယူဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ပွဲတွေမှာ တောင်းဆိုမှုတွေက များတယ်လေ။ ကျွန်တော်တို့ အဝေးကွင်းပွဲ မကစားရတာကြောင့် ကောင်းပါတယ်။ ခရီးသွားရတဲ့အခါ ပင်ပန်းမှုတွေ အများကြီး တိုးလာစေတယ်။”လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။