အသင်းပြောင်းသွားဖို့ နီးစပ်ခဲ့ပေမယ့် စီးတီးမှ စီးတီးပဲ လို့ သူ့သဘောထား ထုတ်ပြောလာတဲ့ ကန်ဆယ်လို
မန်ချက်စတာ စီးတီးအသင်းရဲ့ နောက်ခံလူ ဂျာအိုကန်ဆယ်လိုက လာမယ့်နှစ်တွေမှာ အီတီဟတ်ကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး စီးတီးမှာပဲ အချိန်အကြာကြီး ဆက်နေသွားချင်တယ်လို့ ပြောခဲ့ပါတယ်။
အသက် ၂၈နှစ် အရွယ် ကစားသမား ဟာ ၂၀၁၉ခုနှစ်က မန်စီးတီးကို ရောက်လာခဲ့ပေမယ့် ကျေနပ်လောက်စရာ ခြေစွမ်းမျိုး မပြနိုင်ခဲ့တာကြောင့် ၂၀၂၀ခုနှစ်မှာ ထွက်ခွာဖို့ နီးစပ်ခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးမှာပဲ ဆက်နေခဲ့ပြီး နောက်ပိုင်းမှာတော့ ကန်ဆယ်လို တစ်ယောက် တိုက်စစ်ရော ခံစစ်မှာပါ အကောင်းဆုံး ကစားနိုင်ခဲ့လို့ နည်းပြ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား၁ဦး ဖြစ်လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ ကန်ဆယ်လိုက လာမယ့်နှစ်တွေမှာလည်း စီးတီးအတွက်ပဲ ကစားပေးချင်တယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ကန်ဆယ်လိုက “မန်စီးတီးအသင်းက ကျွန်တော့်ကစားသမားဘဝရဲ့ အရေးအပါဆုံး ခြေလှမ်းတစ်ရပ်ပါပဲ။ ကျွန်တော် ဘင်ဖီကာ၊ ဗလန်စီယာ၊ အင်တာ၊ ဂျူဗင်တပ်စ်တို့လို အသင်းကြီးတွေမှာ ကစားခဲ့ဖူးပေမယ့် စီးတီးက နောက်တစ်ဆင့် ပိုမြင့်ပါတယ်”
“ကျွန်တော် ဒီကို ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပထမဆုံး၆လက အဆင်သိပ်မပြေခဲ့ပါဘူး။ ကျွန်တော် ဒီမှာအသားကျဖို့ အချိန်လိုခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ကျွန်တော် ဒီမှာ အသားကျနေပြီဖြစ်တာကြောင့် လာမယ့်နှစ်တွေမှာလည်း ကျွန်တော် ဒီမှာပဲ ဆက်ရှိချင်ပါတယ်”
“ကျွန်တော် လီဗာပူးနဲပွဲမှာ ကြီးမားတဲ့ အမှားပြုလုပ်ခဲ့ပေမယ့် ပရိသတ်တွေက ကျွန်တော့်ကို အားပေးခဲ့ကြပါတယ်။ ဒါကြောင့် ပရိသတ်တွေက ချစ်တယ်လို့ ခံစားရပြီး ကျွန်တော် သူတို့အတွက် အနာဂတ်မှာ ပြန်လုပ်ပြချင်ပါတယ်။ ကျွန်တော့်အတွက် အားပေးမှုတွေကို ဆုဖလားတွေနဲ့ ပြန်လည်ပေးဆပ်နိုင်ဖို့ ကျွန်တော် ကြိုးစားချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
