အာဆင်နယ်ကို မန်စီးတီး နောက်မှာပဲ ထားရဦးမှာပါလို့ ဖြေလျှော့ပြောလာတဲ့ အာဆင်ဝင်းဂါး
အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သူ့အသင်းဟောင်း အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းတို့ ဒီရာသီ အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့ရာမှာ ဘယ်အသင်းက ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာနိုင်မလဲဆိုတာကို ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နည်းပြဟောင်းကြီး ဝင်းဂါးနဲ့ လက်တွဲခဲ့ချိန် ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှသာ နောက်ဆုံးသော ပရီးမီးယားလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက အမြင့်ဆုံး အောင်မြင်မှု အဖြစ် ဒုတိယနေရာကိုသာ ရောက်ရှိခဲ့ရပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ world cup break မတိုင်ခင် ပွဲစဉ် (၁၄)ထိ ကစားထားပြီးရာ ရမှတ် (၃၇)မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေသလို ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးကိုလည်း (၅)မှတ်ထိ ဖြတ်တောက်ထားနိုင်ခဲ့လို့ အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်လို့ရနိုင်တဲ့ အနေအထားကို ရောက်ရှိ လာခဲ့ရပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကြား ဘယ်အသင်းက ဒီရာသီ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဝင်းဂါးက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“ကျွန်တော်ကိုယ်တိုင်ကတော့ အမှတ်ပေးချန်ပီယံဆုအတွက် ရေးပန်းစားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ် ကို မန်စီးတီးအနောက်မှာပဲ ထားပါမယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့အတွက် အခွင့်အရေး ကောင်းများ ရှိနေတဲ့ ဒုတိယအကောင်းဆုံးအသင်းသာ ဖြစ်နေရတယ်။
ဘာကြောင့်လဲဆိုတော့ မန်စီးတီးက ချန်ပီယံလိဂ်ကိုပါ အာရုံစိုက်ထားတာကြောင့်ပါ။ အမှတ်ပေးချန်ပီယံဆုအတွက် အာဆင်နယ်က မန်စီးတီးရဲ့ အကောင်းဆုံး စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်နေမယ်လို့ ကျွန်တော် ထင်မိပါတယ်။
လီဗာပူးလ်အကြောင်းကိုလည်း ကျွန်တော်တို့တွေ မသိနိုင်ဘူးဆိုပေမယ့် အခုဆိုရင် သူတို့က အာဆင်နယ်နဲ့ (၁၅)မှတ် မန်စီးတီးနဲ့ (၁၀)မှတ်တောင် ကွာဟနေရပါတယ်။
ချဲလ်ဆီးကလည်း ဒီအချိန်မှာ တည်ငြိမ်မှု ရှိမနေပါဘူး။ သူတို့က အမှတ်ပေး ချန်ပီယံဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ယုံကြည်မှုတွေ ရှာမတွေ့နိုင်ခဲ့ပါဘူး” သုံးသပ် ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယား ပထမနေရာမှာ ရပ်တည်နေပြီး မန်ချက်စတာ စီးတီးကို ၅မှတ်ထိ ဖြတ်ထားပြီ ဖြစ်ပါတယ်။
