၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ အများဆုံး ၃ သင်းကို ရွေးထုတ်ပေးခဲ့တဲ့ ဟာလန်း

မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ တို့က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေကို ရွေးချယ်ပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ နော်ဝေအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲကို မအောင်မြင်ခဲ့တဲ့အတွက် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ကနေသာ ကြည့်ရှုသွားရမှာ ဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီမှာ ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးဖြစ်နေခဲ့သူဖြစ်ပြီး မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာလင်း ဟာလန်းလို ကစားသမားမျိုး မပါဝင်နိုင်မှုက စိတ်ပျက်စရာ ကောင်းပေမယ့် မန်ချက်စတာစီးတီး တိုက်စစ်မှူးက ကြားနေအဖြစ်နဲ့ ကြည့်ရှုအားပေးသွားမှာ ဖြစ်ပါတယ်။

ဟာလန်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်နိုင်ငံအသင်းတွေက အောင်ပွဲရရှိသွားမယ်လို့ ခံစားရလဲလို့ မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။

ဟာလန်းက “ ရေပန်းအစားဆုံးကတော့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိ စံချိန်တင် ကိုင်မြှောက်ထားနိုင်ခဲ့တဲ့အသင်းဖြစ်ပေမယ့်လည်း ၂၀၀၂ ခုနှစ်နောက်ပိုင်း ဂုဏ်သိက္ခာအကြီးမားဆုံး နိုင်ငံတကာ ဆုဖလားကြီးနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာ၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုတို့လို ကစားသမားတွေက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ရဲ့ တိုက်စစ်ကို ဦးဆောင်သွားကြမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဂျင်တီးနားအသင်းကလည်း ကမ္ဘာ့ဖလားကို ၁၉၇၈ နဲ့ ၁၉၈၆ ခုနှစ်တို့မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ တုန်းက ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂျာမနီအသင်းက အချိန်ပိုမှာ အသည်း ခွဲသွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒက်စ်ချမ့်ရဲ့ ပြင်သစ်အသင်းကလည်း ကာတာမှာ ကြောက်မက်ဖွယ် လူစာရင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘလွန်ဒေါဆုရှင် ကာရင် ဘန်ဇီးမားနဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေတို့လို ကစားသမားတွေက တိုက်စစ်မှာ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်အသင်းဟာ ကွင်းလယ်မှာ ၂၀၁၈ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့် ကွန်တေနဲ့ ဂျူဗင်တပ်ကြယ်ပွင့် ပေါ့ဂ်ဘာတို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး အင်္ဂလန်အသင်းကတော့ ၁၉၆၆ ခုနှစ် နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့အသင်းဖြစ်ပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ခရိုအေးရှားကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။