ကျနော် သာ ဖိုဒန် ဆိုရင် သိပ် ဒေါသထွက်နေလောက်ပြီ လို့ ဆောက်ဂိတ်ကို ထောက်ပြသွားတဲ့ ရွန်းနီ

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီက အင်္ဂလန် အသင်းမှာ ဖိုဒန်ကို ပွဲထွက် မကစားစေတဲ့ နည်းပြ ဆောက်ဂိတ် အပေါ် များစွာ စိတ်ပျက်နေပြီး သုံးသပ် ထောက်ပြမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဖိုဒန်ဟာ အင်္ဂလန်ရဲ့ အဖွင့်ပွဲ အီရန်နဲ့ ပွဲမှာ လူစားဝင် ကစားခဲ့ရပေမယ့် USA နဲ့ သရေကျတဲ့ ဒုတိယပွဲမှာ ကစားခွင့် တောင် မရခဲ့ပါဘူး။

အင်္ဂါနေ့ညမှာတော့ အင်္ဂလန်က ဝေးစ်နဲ့ အုပ်စု နောက်ဆုံးပွဲ ကစားမှာ ဖြစ်ပြီး ဒီပွဲမှာ ၃ ဂိုးပြတ်မှ မရှုံးရင် အင်္ဂလန် အုပ်စု တက်မှာ ဖြစ်လို့ ဖိုဒန် အပါအဝင် ပွဲကစားခွင့် သိပ်မရသေးတဲ့ အသင်းသားတွေကို ထုတ်သုံးဖို့ ရွန်းနီက အခုလို တိုက်တွန်းသွားပါတယ်။

” ဂါရတ် ဆောက်ဂိတ် အနေနဲ့ အင်္ဂါနေ့ ဝေးစ်နဲ့ ပွဲမှာ အပြောင်းအလဲတွေ လုပ်ဖို့ လိုပါတယ်။ အခြေအနေ အရကတော့ တကယ့် miracle ကြီး တစ်ခု ဖြစ်မလာရင် အင်္ဂလန် အုပ်စု တက်ပါတယ်။ ဒီတော့ ဆောက်ဂိတ် အနေနဲ့ ဒီပွဲမှာ အခုထိ သိပ် မသုံးရသေးတဲ့ ကစားသမားတွေကို ကစားခွင့် ပေးဖို့ တကယ့် အခွင့်အရေးပဲ။

ဒီစာရင်းမှာ ထိပ်ဆုံးက ရှိနေတာကတော့ ဖီးလ် ဖိုဒန်ပါ။ အမေရိကန်နဲ့ ပွဲမှာ သူ လူစားဝင်တောင် မကစားခဲ့တာက အတော် ထူးဆန်းပါတယ်။ ကျနော့် ပွဲထွက်စာရင်းမှာ ဆိုရင် သူက အဓိက အသင်းသား ဖြစ်နေမှာ၊ ကျနော်သာ အင်္ဂလန် နည်းပြ ဆိုရင်ပေါ့။

နည်းစနစ်ပိုင်း အရ ဖိုဒန်က အင်္ဂလန် ရထားတဲ့ အကောင်းဆုံး ကစားသမားပဲ။ ဖိုဒန်လို ပါရမီရှင်မျိုး ရထားရင် အသင်းမှာ ထည့်ကို ကစားရမှာ။ သူက ကျနော်တို့ ယူရို ၂၀၂၀ မှာ မြင်ခဲ့ရတဲ့ ဖိုဒန်နဲ့ လုံးဝ မတူတော့ပါဘူး။

ဒီ ကမ္ဘာ့ဖလား ပြိုင်ပွဲရောက်ချိန်မှာ သူက ရင့်ကျက်တဲ့ ကစားသမား တစ်ယောက် ဖြစ်နေပြီ၊ မန်ချက်စတာ စီးတီးမှာလည်း အကောင်းစား စွမ်းဆောင်ရည်တွေ ပြသထားတယ်။ သူက လုပ်ပြနိုင်စွမ်း ရှိနေပြီ။

ကျနော်သာ သူ ဆိုရင် ပြီးခဲ့တဲ့ သောကြာနေ့က ပွဲမျိုးမှာ ဝင် မကစားရလို့ အရမ်း စိတ်တိုနေပါလိမ့်မယ်။ ကျနော့် ပွဲထွက်စာရင်းမှာ ဆိုရင် ဖိုဒန်ကို ဘယ်ခြမ်း၊ ဆာကာနဲ့ စတာလင်ကို ညာခြမ်းနေရာ အတွက် ပြိုင်ဆိုင်စေမယ်။ ” လို့ ရွန်းနီက ဆိုခဲ့တာ ဖြစ်ပါတယ်။