အသင်းဟောင်း ဘာစီလိုနာထံ တချိန် ပြန်သွားဖို့ စကား စ ထားတဲ့ မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာ

ဒီတလောမှာပဲ မန်ချက်စတာ စီးတီးနဲ့ သက်တမ်းတိုးထားတဲ့ ဂွာဒီယိုလာ ကို ဘယ်အချိန် ဘာစီလိုနာထံ ပြန်သွားမလဲ လို့ စပိန် သတင်းဌာနက မေးခွန်း ထုတ်ခဲ့ပါတယ်။

ပက် ဂွာဒီယိုလာက မန်စီးတီးနဲ့ ၂၀၂၅ ထိ ရှိစေမယ့် ကာလတို သက်တမ်းတိုး စာချုပ်သစ် လတ်တလော ချုပ်ဆို ထားပြီး မန်ချက်စတာ ကလပ်နဲ့ ပရီးမီးယားလိဂ် မှာပဲ အဆင်ပြေနေတာကြောင့် အခြား အသင်းထံ ပြောင်းရွှေ့ဖို့ မစဉ်းစားလိုသေးဘဲ ရှိနေပါတယ်။

ဒါပေမယ့် သူ့ရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်ထိပဲ အာမခံချက် ရှိပြီး ကလပ်ကော နည်းပြပါ သဘောတူမှ နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဘာစီလိုနာကို ပြန်သွားဖို့ဆိုတာက ရွေးချယ်စရာအဖြစ် စပိန်သားဘက်က မြင်ထားပါတယ်။

ဂွာဒီယိုလာကတော့ ” တကယ်လို့ ကျနော်ကသာ ဘာစီလိုနာအသင်း အတွက် မရှိမဖြစ် လိုအပ်တဲ့သူလို့ ခံစားမိရင် ကျနော် အဲ့ကို ပြန်သွားရင် သွားဖြစ်မှာပါ၊ အခုကတော့ အဲဒီလို အခြေအနေ မဟုတ်ဘူး။

တစ်နေ့မှာ ဘာစီလိုနာနဲ့က ပြန်ဆုံကြမှာပါပဲ၊ တမင်ကြီး တွန်းအားပေးစရာ အတင်း လုပ်စရာ မလိုဘဲ အေးဆေး ပြန်တွေ့ကြမှာပါ ” လို့ ကက်တလန်သား က ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာက လက်ရှိ နည်းပြ ဇာဗီ အပေါ် ယုံကြည်မှု အပြည့်အဝ ပေးထားပြီး အနာဂတ် အတွက်ပါ အားကိုး အားထား ပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဘာစီလိုနာနဲ့ ဟန်းနီးမွန်းကာလ ကုန်ဆုံးခဲ့တဲ့ ဇာဗီဟာ ဆုဖလားတွေအတွက် ဖိအားတွေကို စတင် ရရှိနေပြီပဲ ဖြစ်ပါတယ်။