ဘယ်လ်ဂျီယံ အသင်း ကမ္ဘာ့ဖလား ကနေ စောစော ထွက် ရတာ ဒီဘရိုင်းကြောင့် လို့ ဆောင်းနက် လက်ညှိုးထိုး
ITV ရုပ်သံမှာ ဘောလုံးပွဲတင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်ဂန္ထဝင် ဂရေမီ ဆောင်းနက် က ဒီဘရိုင်း ရဲ့ မဆင်မဆင် နှုတ်ဖွာမှုကြောင့် ဘယ်လ်ဂျီယံ အသင်း စည်းလုံးညီညွတ်မှုအပေါ် ထိခိုက်စေခဲ့တယ်လို့ ဝေဖန်ပြောဆို လိုက်ပါတယ်။
ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမတိုင်ခင် အင်တာဗျူးမှာ ဒီဘရိုင်းနားက သူတို့အသင်းဟာ လူအိုအသင်း ဖြစ်နေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်မစွဲနိုင်ဘူးလို့ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဖီဖာကမ္ဘာ့အဆင့်(၂) ဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ ကနေဒါကို အနိုင် ရခဲ့ပေမယ့် မော်ရိုကိုအသင်းကို ရှုံး၊ ခရိုအေးရှားနဲ့ သရေကျခဲ့တာကြောင့် ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။
ဆောင်းနက် ကတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ကျရှုံးမှုအတွက် ဒီဘရိုင်း ကို အပြစ်တင်ခဲ့ပြီး အသင်းရဲ့ အနေအထ ပါ် မလိုအပ်ဘဲ နှုတ်ဖွာခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ITV ရုပ်သံအစီအစဉ်မှာ ဆောင်းနက် က –
“ဒီဘရိုင်း က အဲဒီလိုပြောဖို့ လုံး၀ မလိုအပ်ပါဘူး။ ဒီလိုပြောလိုက်လို့လည်း ဘာမှ ကောင်းကျိုးဖြစ်လာနိုင်စရာ မရှိသလို သူ့ရဲ့ မှတ်ချက်စကားကြောင့် အသင်းဖော်တွေကြားမှာ စိတ်ကျေနပ်ပျော်ရွှင်လာမှာ မဟုတ်ပါဘူး။
သူ ဘာဖြစ်လို့ အဲဒီလို မှတ်ချက်ပေးခဲ့ရလဲဆိုတာကတော့ ဒီဘရိုင်း ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်” လို့ ပြစ်တင် ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘယ်လ်ဂျီယံကစားသမားတွေကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး ကနေဒါနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲတုန်းက အယ်လ်ဒါဝီယဲလ်နဲ့ ဒီဘရိုင်း တို့ ကွင်းထဲမှာ အပြန်အလှန်စကားများခဲ့တာကြောင့် နည်းပြ မာတီနက်ဇ်က ဝင်ထိန်းခဲ့ရပါတယ်။
အသင်းဖော်တွေကြားမှာ မညီညွတ်မှုတွေနဲ့အတူ ဘယ်လ်ဂျီယံအသင်းဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အုပ်စု အဆင့်ကနေပဲ စောစောစီးစီး လက်ပြ နှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။
