မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကို ဘရာဇီး နည်းပြ ခန့်ဖို့ ကြိုးစားနေကြခြင်းနဲ့ ဖြစ်နိုင်ဖွယ် အလားအလာ
ဒီနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ခဲ့ရတဲ့ ဘရာဇီးအသင်းက သူတို့ရဲ့ နည်းပြချုပ် ရာထူးအတွက် မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား အရေးနိမ့်မှုကြောင့် အသက် ၆၁ နှစ်အရွယ် နည်းပြတီတီက သူ့ရဲ့ ရာထူးကနေ နှုတ်ထွက်ထားတာပါ။ လက်ရွေးစင် အသင်းနဲ့ ၆ နှစ်ကြာ လက်တွဲခဲ့တဲ့ တီတီနေရာ အစားထိုးဖို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ရှာဖွေမှု စတင်နေတယ်။
ဥက္ကဋ္ဌ ရိုဒရီဂွက်စ်ကတော့ ကုန်ခဲ့တဲ့ လကမှ မန်စီးတီးနဲ့ ကာလတို သက်တမ်းတိုးထားတဲ့ ဂွာဒီယိုလာကို သဘောကျ နေတယ်လို့ သိရပါတယ်။ စပိန်သားကြီးက မန်စီးတီးနဲ့ စာချုပ် ရှိထားပေမယ့် စကားပြောကြည့်ဖို့ ဘရာဇီး ဘောလုံး အဖွဲ့ချုပ်က ဆန္ဒရှိနေပါတယ်။
၂၀၂၃ နွေအထိ နိုင်ငံ လက်ရွေးစင်ပွဲ မရှိသေးတာကြောင့် ဘရာဇီးအသင်းဟာ နည်းပြချုပ် အသစ်ကို တာဝန်ပေးဖို့ ဆန္ဒ မစောသေးပါဘူး။ ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကလည်း လက်ရွေးစင်အသင်းဘက်က ဂွာဒီယိုလာ အား ချိတ်ဆက်မှာကို ထောက်ခံစကား ပြောထားပါတယ်။
ကက်တလန် သတင်းဌာနဲ့ အင်တာဗျူးမှာ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကြီး က ” ဘရာဇီးက ဂွာဒီယိုလာကို စိတ်ဝင်စားပါတယ်။ သူ့ရဲ့ နည်းပြအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ပေမယ့် သူက မန်စီးတီးနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ပိုအားသန်ခဲ့တယ် ” လို့ ထုတ်ပြောခဲ့တယ်။
အနာဂတ်မှာ ဘရာဇီးအသင်းနဲ့ ဂွာဒီယိုလာကြား သဘောတူညီမှု ရရှိဖို့ ဖြစ်လာနိုင်မလားကိုတော့ ” ဘရာဇီးဘောလုံး အဖွဲ့ချုပ်က သူ့ကို လက်မှတ်ထိုးရေး သဘောတူညီမှုရဖို့ ခက်ခဲနိုင်ပါတယ်။ သူက ကမ္ဘာ့ ဈေးအကြီးဆုံး နည်းပြတစ်ဦးပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးမှာ ၂၀၂၄ ဒါမှမဟုတ် ၂၀၂၅ ထိ စာချုပ်ရှိနေမယ့် ဂွာဒီယိုလာက ကာလတိုမှာ ရာထူးကနေ နှုတ်ထွက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ သူ့ကို ခေါ်ယူလို့ ရမယ့် အချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလား စတင်ဖို့က ၁၂ လ ဝန်းကျင် အချိန် ရနေဦးမှာ ဖြစ်ပါတယ်။