ဟာလန်းက မန်စီးတီးမှာ ရေရှည်ဆိုရင် ဘယ်နှစ်နှစ်လောက်ထိ ကစားသွားနိုင်မလဲ ဖွင့်ဟလာတဲ့ ဖခင်ဖြစ်သူ
အာလင်း ဟာလန်းဟာ မန်ချက်စတာ စီးတီးမှာ နောက်ထပ် ၁၅ နှစ်လောက်ထိ ဆက်နေနိုင်သလို အနာဂတ်မှာ ဘယ် လိဂ်မှာပဲ ကစားကစား ချန်ပီယံဆုတွေကို ရယူနိုင်စွမ်းရှိတယ်လို့ တိုက်စစ်မှူးရဲ့ဖခင်က ပြောကြားခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၂-၂၃ ရာသီမှာ ခြေစွမ်းပြကစားလျက်ရှိပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၂၃ ဂိုးထိ စံချိန်တင် သွင်းယူထားပါတယ်။
စီးတီးဟာ ဒေါ့မွန်ကို ဟာလန်အတွက် ပေါင် ၅၁ သန်း ပေးချေခဲ့ပေမယ့် နော်ဝေသားအနေနဲ့ တစ်ချိန်ချိန်မှာ လာလီဂါ သို့မဟုတ် စီးရီးအေမှာလည်း တောက်ပနိုင်စွမ်းကို ပြသချင်တဲ့ ဆန္ဒဖြစ်ပေါ်လာနိုင်တာကြောင့် အီတီဟတ်မှာ ဘယ်အချိန် ထိ ရှိနေမလဲဆိုတာ မသေချာပါဘူး။
အယ်လ်ဖင်ဟာလန်းကတော့ “အာလင်းက စီးတီးမှာ နောက်ထပ် ၁၅ နှစ်လောက်လည်း ကစားနိုင်ပါတယ်။ သူ အဲ့ဒီမှာပျော်နေတယ်၊ ပြီးတော့ စီးတီးကလည်း အသင်းကြီးတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ သူ တခြားလိဂ်ကြီးတွေမှာလည်း သူ့ခြေစွမ်းသူ သက်သေပြချင်လိမ့်မယ်လို့ ထင်နေတယ်။
သူ ဂျာမနီမှာ ၂ နှစ်ခွဲနေပြီး အနာဂတ်မှာ ဘာတွေလုပ်နိုင်သလဲဆိုတာကို သက်သေပြခဲ့သလိုပေါ့။ ပရီးမီးယားလိဂ် မှာ ၃ နှစ်နေပြီးရင် အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့ကို သွားနိုင်တယ်။ ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အာလင်းက ဘယ်လိဂ်မှာ ဘယ်အသင်းနဲ့ ဖြစ်ဖြစ် ချန်ပီယံဖြစ်နိုင်တဲ့ သူမို့လို့ပါပဲ ” လိူ့ ပြောခဲ့ပါတယ်။
ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့အတူ ၈၉ ပွဲကစားပြီး ၈၆ ဂိုးသွင်းကာ DFB ပိုကယ်ဖလားကို ရယူနိုင်ခဲ့ဖူးပါတယ်။ လက်ရှိ မှာလည်း နည်းပြပက်ဂွာဒီယိုလာရဲ့ အသင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကာရာဘောင်နဲ့ အက်ဖ်အေ ဖလား လမ်းကြောင်းတွေပေါ်မှာ ရှိနေပါတယ်။
စီးတီးအနေနဲ့ ကမ္ဘာ့ဖလားကြောင့် ပွဲတွေ ခေတ္တရပ်နားထားရပြီး ပြန်လည်စတင်မယ့် ဒီဇင်ဘာ ၂၂ ရက်နေ့ မှာတော့ လီဗာပူးနဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ကို ကစားရဖို့ရှိနေပါတယ်။
ပြီးရင်တော့ ၆ ရက်အကြာမှာ လိဒ်စ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာတော့ အသေးစားဒဏ်ရာကြောင့် ဟာလန်းအနေနဲ့ ပွဲထွက်ကစားနိုင်တဲ့ ပွဲအရေအတွက် နည်းပါးခဲ့ပါတယ်။