ခရိုအေးရှား ခံစစ်မှုး ဂါဗာဒီယော့ ကို ရဖို့ ပြိုင်ဘက်တွေထက် ခြေလှမ်းသွက်နေတဲ့ မန်ချက်စတာ စီးတီး

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ နောက်ခံကစားသမား ဂါဗာဒီယော့ ကို မန်စီးတီး အပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာစီးတီးအသင်းက ဂါဗာဒီယော့ကို အခြားအသင်းတွေထက် လက်ဦးနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်ထားပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတလျှောက်လုံးမှာတော့ နောက်ခံလူ ဂါဗာဒီယော့က ဝါရင့် နောက်ခံလူကြီး လိုဗရန်နဲ့ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။

ဂါဗာဒီယော့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ မဆင်နွဲခင်ကတည်းက လိုက်ပ်ဇစ်မှာ တောက်ပထားခဲ့သူ ဖြစ်တာကြောင့် သူ့ကို ကလပ်အသင်းကြီးတွေက လိုချင်နေကြတာဖြစ်ပြီး အခု ကမ္ဘာ့ဖလားမှာပါ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ပိုလို့တောင် စိတ်ဝင်စားလာခဲ့ကြပါတယ်။

ဂါဗာဒီယော့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီး မန်ချက်စတာယူနိုက်တက် ရီးယဲလ်မက်ဒရစ် ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့လို အသင်းကြီးတွေ ပါဝင်နေကြပြီး ဒီအသင်းတွေထဲမှာ မန်စီးတီးက ဂါဗာဒီယော့အတွက် ကမ်းလှမ်းမှုတစ်ခုကို စတင် လုပ်ဆောင်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဂါဗာဒီယော့ဟာ သူရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြသထားခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် လက်ရှိမှာ တန်ကြေး ယူရိုသန်း(၁၁၀)လောက်အထိ မြင့်တတ်လို့နေပြီး မကြာသေးခင်ကမှ လိုက်ပ်ဇစ်နဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားသေးတာဖြစ်လို့ ဂါဗာဒီယော့ကို ခေါ်ယူဖို့က ထင်ထားတာထက်ပင် ခက်ခဲလာနိုင်ပါတယ်။

ဒါပေမယ့် အသက်(၂၀)အရွယ်သာ ရှိနေသးတဲ့ ခရိုအေးရှား ခံစစ်မှူး ဂါဗာဒီယော့ ကိုယ်တိုင် ဆန္ဒ ရှိရင်တော့ အပြောင်းအရွှေ့ ဖြစ်လာနိုင်သေးပြီး ၎င်းကို ကမ်းလှမ်းထားတဲ့ အသင်းအများစုကလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ဖြစ်နေတာကြောင့် အင်္ဂလန် သို့ ရောက်လာနိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရဖွယ် ရှိပါတယ်။