ကမ္ဘာ့ဖလားပြိုင်ပွဲထံ ကစားသမားတွေ စေလွှတ်ရာမှာ ဖီဖာထံကနေ နစ်နာကြေး အများဆုံး ရတဲ့ မန်စီးတီး
ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကစားသမားတွေကို အသုံးပြုခွင့်ပေးထားရခြင်းအတွက် ကလပ်အသင်းတွေအား ကစားသမား နစ်နာကြေးတွေ ပြန်ပေးအပ်နေရာ မန်စီးတီးက အများဆုံး ရရှိတဲ့ ကလပ် ဖြစ်မယ် လို့ သိရပါတယ်။
ဖီဖာဟာ ကလပ်တွေအတွက် အကျိုးအမြတ်ဖြစ်စေမယ့် အစီအစဉ်အဖြစ် ယခုနှစ်ကမ္ဘာ့ဖလားမှာ စံချိန်တင် ပေါင် ၁၆၉ သန်း ခွဲဝေပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲကြီးမစခင် တစ်ပတ်ကြိုတင်ပြင်ဆင်မှုမှစပြီး တစ်ရက်ကို ပေါင်တစ်သောင်းစီ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မတူညီတဲ့ ၉နိုင်ငံကို ကစားသမား ၁၆ဦးအထိ ပေးထားရပြီး လက်ရှိ မှာတော့ ဗိုလ်လုပွဲရောက်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယံအယ်ဗာရက်ဇ်သာ ကျန်ရှိပါတော့တယ်။
The Times သတင်း ရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဖီဖာရဲ့ အစီအစဉ်အရ ပေါင် ၄.၅သန်းအထိ ရရှိ သွားမှာဖြစ်ပြီး ကစားသမား ၁၇ဦး အထိ စေလွှတ်ထားရတဲ့ ဘာစီလိုနာအသင်း ရရှိထားတဲ့ ပေါင် ၃.၃၂သန်းထက် ပိုများနေခဲ့ပါတယ်။
အကြောင်းကတော့ ဘာစီလိုနာကစားသမား ၈ဦးဟာ စပိန် အသင်းမှာ ပါဝင်နေတာဖြစ်တာကြောင့် မော်ရိုကိုအား ရှုံးကာ ၁၆သင်း အဆင့်ကနေ ထွက်ခွာခဲ့ရလို့ပဲ ဖြစ်ပါတယ်။
ဗိုလ်လုပွဲတက်ရောက်တဲ့ အသင်းနှစ်သင်းထဲ ဗာရာနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ပါဝင်နေတဲ့ ယူနိုက်တက်အသင်းဟာ ပေါင် ၂.၉၂သန်း ရရှိသွားမှာပါ။
ကစားသမား၁၂ဦး စေလွှတ်ထားရတဲ့ ချဲလ်ဆီးက ပေါင် ၂.၄၆သန်း၊ ၁၁ဦး စေလွှတ်ထားရတဲ့ တော့တင်ဟမ်က ပေါင် ၂.၃၂သန်း၊ ကစားသမား၁၀ဦး စေလွှတ်ထားရတဲ့ အာဆင်နယ်က ပေါင် ၂.၁သန်း အသီးသီး ရရှိသွားမှာ ဖြစ်ပါတယ်။
ဒီလို နစ်နာကြေးပေးတာက ကစားသမားတွေ ပြိုင်ပွဲမှာ ဘယ်လိုပါဝင်ရတယ်ဆိုတဲ့အပေါ် မူတည်ခြင်းမရှိပေမယ့် ကစားသမားက ကလပ်မှာ ၂နှစ်ထက်ပိုပြီး ပွဲမထွက်ရရင်တော့ ကစားသမားဟောင်းလို့ ယူဆပြီး နစ်နာကြေးပမာဏက ပြောင်းလဲသွားနိုင်ပါတယ်။
၂၀၁၈ ရုရှားကမ္ဘာ့ဖလားတုန်းကလည်း မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ တော့တင်ဟမ်၊ ဘာစီလိုနာတို့က အများဆုံး ရခဲ့ကြပြီး စီးတီးက ပေါင် ၃.၇၈သန်းနဲ့ နစ်နာကြေး အများဆုံးရအသင်း ဖြစ်ခဲ့ပါတယ်။ ဖီဖာဟာ ယခုလို ကလပ်တွေကို နစ်နာကြေးပေးတဲ့ အစီအစဉ်အား ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားကနေ စတင်မိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။