ကစားသမား တစ်ဦးကြောင့် ဂျေးဇု နဲ့ စတာလင် ကို မန်စီးတီးက တပြိုင်နက်တည်း ရောင်းထုတ်ခဲ့တာ ဖြစ်နေ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး အသင်း ဂျေးဇု နဲ့ စတာလင် တို့ကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေဆီ ရောင်းထုတ်ခဲ့တဲ့ အဓိက အကြောင်းအရင်း ကို သူ သိထားတယ်လို့ ထုတ်ပြော လာခဲ့ပါတယ်။

အာဆင်နယ် နည်းပြ မီခေးလ် အာတေတာ ဟာ သူ့ရဲ့နွေရာသီ အဓိက ပစ်မှတ် ဖြစ်တဲ့ ဂါဘရီရယ် ဂျေးဇု ကို ပေါင် ၄၅ သန်း ၊ ၅ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းကလည်း စတာလင် ကို ပေါင် ၄၅ သန်း ၊ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း နဲ့ ခေါ်ယူ ခဲ့တာပါ။

ဂယ်ရီနဗီးလ် ကတော့ မန်စီးတီး အသင်းဟာ အယ်ဗာရက်ဇ်ကြောင့် ဂျေးဇု နှင့် စတာလင် တို့ကို ရောင်းထုတ် လိုက်တာ ဖြစ်တယ်လို့ ဖွင့်ဟ လာခဲ့ပါတယ်။

” ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက မန်စီးတီး အသင်း ဂျေးဇု နှင့် စတာလင် တို့ကို ထွက်ခွာခွင့် ပေးတော့မှာ ဖြစ်ကြောင်း ကျနော့်ကို ပြောပါတယ်၊ မန်စီးတီး အသင်းက သူတို့ နှစ်ဦးစလုံးကို ထွက်ခွာခွင့် ပေးတော့ ကျနော် အတော်လေး အံ့အား သင့်ခဲ့ရပါတယ်။ ”

” သူတို့ကို ထွက်ခွာခွင့် ပေးလိုက်တဲ့ အကြောင်းအရင်းက လူငယ်လေး အယ်ဗာရက်ဇ် ရှိနေတာကြောင့်ပါ ၊ ဒီအကြောင်းကို မန်စီးတီး အသင်း နဲ့ အတော်လေး နီးစပ်တဲ့ သူက ကျနော့်ကို ပြောပြတာပါ။

အယ်ဗာရက်ဇ် ရဲ့ကစားသမား ဘဝ တက်လမ်း ပိတ်သွားမှာကို စိုးရိမ်တာကြောင့် ဂျေးဇု နဲ့ စတာလင် ကို ထွက်ခွာခွင့် ပေးလိုက်တာ လို့ ပြောပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

အယ်ဗာရက်ဇ် ဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်း အတွက် ခြေစွမ်းပြ ကစားနေသူပါ။ အဖွင့်ပွဲ မှာ ဆော်ဒီ အာရေဘီးယား အသင်းကို ၂-၁ နဲ့ အရေးနိမ့် ခဲ့ပြီးနောက် အာဂျင်တီးနား နည်းပြ စကာလိုနီ ဟာ အယ်ဗာရက်ဇ် ကို စတင် ပွဲထွက်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အယ်ဗာရက်ဇ် ဟာ ကာတာ ကမ္ဘာ့ဖလား မှာ အာဂျင်တီးနား အသင်း အတွက် ၄ ပွဲ ပွဲထွက် ကစားထားရာမှာ ၄ ဂိုး သွင်းယူ ထားပါတယ်။