ချန်ပီယံလိဂ် ဖလားကို မန်စီးတီးအသင်းနဲ့ အတူ ရအောင်ယူဖို့ တေး ထားတဲ့ နည်းပြ ပက် ဂွာဒီယိုလာ
မန်ချက်စတာ စီးတီးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား မရဘူးဆိုရင် မန်စီးတီးမှာ သူ့ရဲ့အချိန်တွေက ပြီးပြည့်စုံသွားမှာ မဟုတ်ဘူးလို့ နည်းပြ ပက်ဂွာဒီယိုလာက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
ဂွာဒီယိုလာဟာ စီးတီးနည်းပြအနေနဲ့ လိဂ်ဖလား လေးကြိမ်အပါအဝင် အဓိက ဖလား ၉လုံး အောင်မြင်ခဲ့ပေမယ့် ဥရောပရဲ့ ထိပ်သီး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို အီတီဟက်ကွင်းဆီ ယူဆောင်လာဖို့တော့ မတတ်နိုင်ခဲ့ပါဘူး။
ကတ်တလန်သား နည်းပြကြီးဟာ ဘာစီလိုနာမှာ အဲ့ဒီ့ဖလားကို နှစ်ကြိမ်ရခဲ့ဖူးပေမယ့် စီးတီးမှာ ၆ရာသီအတွင်း ဥရောပ အကောင်းဆုံး မှတ်တမ်းအနေနဲ့ ၂၀၂၂ မှာ ဒုတိယနေရာသာ ရရှိခဲ့ဖူးတာပါ။
“ဒါက ကျွန်တော်တို့ လိုချင်တဲ့ ဖလားဆိုတာ ဝန်ခံပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်မရရင် ဒီမှာ ကျွန်တော့်ရဲ့ အချိန် ကာလတွေက ပြည့်စုံသွားမှာမဟုတ်ဘူး။ အဲ့ဒါကြောင့်ပဲ ကျွန်တော် စာချုပ်သက်တမ်း တိုးလိုက်တာ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ အတူရှိနေတဲ့အချိန်အတွင်း အစွမ်းကုန် ကြိုးစားသွားမယ်။ ဒါက ကျွန်တော်တို့မှာ မရှိသေးတဲ့ ဖလားဖြစ်လို့ အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ”လို့ ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။
မနှစ်က ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ မန်စီးတီးဟာ ဖေဖော်ဝါရီမှာကစားမယ့် ၁၆သင်းအဆင့်မှာ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုအပြီး သူ့ရဲ့ မန်စီးတီးတိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်နဲ့ ဘာစီလိုနာက တပည့်ဟောင်း မက်ဆီတို့ကို ချီးကျူးခဲ့ပါတယ်။
“ဂျူလီယန်အတွက် ကျွန်တော် ဝမ်းသာပါတယ်။ သူ အများကြီး ကစားခဲ့တယ်။ သူ့ရဲ့ အကူအညီပေးမှုတွေက အာဂျင်တီးနားအတွက် အံ့ဩစရာကောင်းခဲ့တယ်။ အခု ကျွန်တော်တို့အသင်းမှာ ကမ္ဘာ့ချန်ပီယံတစ်ယောက် ရှိနေပြီပေါ့။ ထိုက်တန်တဲ့ ချန်ပီယံတွေဖြစ်တဲ့ အာဂျင်တီးနားအတွက်ရော လီယို မက်ဆီအတွက်ပါ ဂုဏ်ပြုပါတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။