ကာရာဘောင်း လက်ရှိ ချန်ပီယံ လီဗာပူးလ်ကို အနိုင်ကစားကာ ဒီရာသီ ဖလားတစ်လုံး ယူဖို့ ရှေ့တက်သွားတဲ့ စီးတီး
မန်ချက်စတာ စီးတီး ဟာ ညက ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ် အဖြစ် လီဗာပူးလ် အသင်း ကို အီတီဟက်မှာ ဧည့်ခံ ကစားခဲ့ရာ ၃-၂ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် သို့ တက်ရောက်သွားခဲ့ပါတယ်။
စီးတီးဟာ ဒီပွဲမှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ လာပေါ့တ်၊ အာကေနဲ့ လူးဝစ္စတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ပါးလ်မား၊ ဟားလန်းနဲ့ မာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ဧည့်သည် လီဗာပူးလ်အသင်းကတော့ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ မာတစ်ပ်၊ မီလ်နာနဲ့ ရောဘတ်ဆန် တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘိုင်ချက်တစ်ချ်၊ အဲလီးယော့နဲ့ သီယာဂိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ် မှာတော့ ဒါဝင် နူးညက်ဇ်၊ ဆာလားနဲ့ ကာဗာလ်ယိုတို့ကို စုဖွဲ့ပေးလာခဲ့တာပါ။

အိမ်ရှင် မန်စီးတီးတို့အနေနဲ့ သူတို့ရဲ့ ထုံးစံအတိုင်းပဲ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်သွားခဲ့သလို လီဗာပူးလ် တို့ကတော့ ကောင်တာတွေကနေ လျင်လျင်မြန်မြန် ဂိုးရဖို့ ကြိုးစားလာခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ ထိပ်တန်း ကစားသမား တချို့ကို အနားပေးထားခဲ့ရပေမယ့် ပွဲကတော့ အကြိတ်အနယ် ရှိခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၀ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဘောလုံး ပြန်ရလာတဲ့ ဒီဘရိုင်းနားက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လူကပ်ပုံ မပီပြင်တဲ့ လီဗာပူးလ်နောက်တန်းတွေကြားက ဟားလန်း က ချိန်သားကိုက်ပြေးဝင်ပြီး ဘယ်ခြေနဲ့ အပိုင် ပိတ်သွင်းနိုင်ခဲ့တာပါ။
ဗန်ဒိုက် မပါနိုင်သေးတဲ့ ခံစစ်မှာ ဝင်ကစားတဲ့ ဂျိုးဂိုမက်ဇ်ကတော့ လေးလံလွန်းနေတာကြောင့် ကမ္ဘာ့ဖလား မကစားရဘဲ အနားရနေတဲ့ နော်ဝေသားအနေနဲ့ ကစားရလွယ်ကူခဲ့ပြီး မန်စီးတီးခံစစ်ကလည်း အကောင်းကြီးတော့ မဟုတ်ခဲ့လို့ ဆာလားနဲ့ နူးညက်ဇ်တို့ရဲ့ ညာခြမ်းတွဲလုံးကနေ တန်ပြန်ခြိမ်းခြောက်နိုင်ခဲ့ကြပါတယ်။
ပွဲချိန် မိနစ် ၂၀ မှာတော့ လီဗာပူးလ်တို့ ပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နောက်ကနေ ဘောလုံး ဆွဲတက် လာခဲ့တဲ့ မာတစ်ပ်ရဲ့ လူကြားထဲက ပါးနပ်တဲ့ ပေးပို့မှုကနေ ဧရိယာထဲမှာ ဘောလုံးရသွားတဲ့ မီလ်နာက ညာခြမ်းကနေ အလယ်ကို အနိမ့်ဘော ချိုးပေးရာမှာ ကာဗာလ်ယိုက မဆိုင်းမတွ ပိတ်သွင်းခဲ့ပြီး ဘယ်ဘက်တိုင်ခြေကို ဝင်သွား ခဲ့တာကြောင့် ဂိုးသမား အော်တေဂါ အငိုက်မိသွားခဲ့တာပါ။
ပထမပိုင်းမှာ ဂွန်ဒိုးဝမ်ရဲ့ ဧရိယာအတွင်းက ကန်ချက်နဲ့ အာကေရဲ့ အနီးကပ် ခေါင်းတိုက်ချက်တွေကို လီဗာပူးလ် ဂိုးသမား ကယ်လေဟာ ကာကွယ်သွားခဲ့လို့ တစ်ဂိုးစီသရေကျနေခဲ့ကြသလို ဒုတိယပိုင်းပြန်အစမှာတော့ နည်းပြ ယာဂန် ကလော့ပ်က ဘိုင်ချက်တစ်ချ်နဲ့ ကာဗာလ်ယိုတို့အစား ဖာဘင်ညိုနဲ့ ချိမ်ဘာလိန်တို့ကို လူစားလဲလာခဲ့ပါတယ်။
ပွဲချိန် ၄၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဦးဆောင်ဂိုး နောက်တစ်ကြိမ် ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ သီယာဂို ဘောလုံးပျက်ရာကနေ ပြန်ရသွားခဲ့တဲ့ ရိုဒရီက ဧရိယာ ညာခြမ်းအစပ်ကို လှမ်း မ,တင်ပေးခဲ့ရာမှာ လူကပ်မခံထားရဘဲ လွတ်နေခဲ့တဲ့ မာရက်ဇ်က အတွင်းကို တစ်ချက်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။
မန်စီးတီးတို့ရဲ့ ဦးဆောင်မှုက ဘယ်လောက်မှ မခံလိုက်ဘဲ တစ်မိနစ်အကြာမှာတော့ လီဗာပူးလ်တို့က ချက်ချင်းပဲ ပြန်လည်ချေပသွားခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဆရာကျကျ ခင်းပေးလိုက်တဲ့ ချိမ်ဘာလိန်ရဲ့ ပေးပို့မှုကို နူးညက်ဇ်က သူနဲ့ မြန်နှုန်းချင်း မယှဉ်သာခဲ့တဲ့ လာပေါ့တ်ကို ကျော်ပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဆာလားက အနီးကပ်ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာ အဲလီးယော့အစား ဟန်ဒါဆန်ကို လီဗာပူးလ်တို့ ထည့်သွင်းလာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ မန်စီးတီးတို့က ဦးဆောင်ဂိုး တတိယအကြိမ်မြောက် ရယူသွားခဲ့ပြန်သလို ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို အတိုပေးပြီး ဒီဘရိုင်းနားက ညာဘက်အဝေးတိုင်ထောင့်ကို ဖြတ်တင်ပေးရာမှာ နောက်ခံလူ အာကေက ချိန်သားကိုက် ပြေးဝင်ခေါင်းတိုက်ယူသွားခဲ့တာပါ။
ဒီနောက်မှာတော့ မန်စီးတီးတို့ဘက်က အာကန်ဂျီ၊ ပါးလ်မား၊ ဟားလန်းနဲ့ ဂွန်ဒိုးဝမ်တို့အစား ဂျွန်စတုန်းစ်၊ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို လူစားလဲသွားခဲ့ကြသလို လီဗာပူးလ်ဘက်ကတော့ သီယာဂိုအစား ကီတာကို ထည့်သွင်းသွားခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာတော့ နူးညက်ဇ်ရဲ့ ဖြုန်းတီးမှုကြောင့် ချေပဂိုး ထပ်မရတော့ဘဲ လက်လျှော့ ခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က လီဗာပူးလ်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိသ ပါတယ်။ စီးတီးဟာ ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းမှာ ကစားရတော့မှာ ဖြစ်ပါတယ်။
