လီဗာပူးကို နိုင်တဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ စီးတီး ဆယ်ကျော်သက် လူငယ်လေးအား ပက် ဂွာဒီယိုလာ ချီးကျူး

ညက အီတီဟတ်ကွင်းမှာ လီဗာပူးကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အတွင်း ခြေစွမ်းပြသခဲ့တဲ့ ဆယ်ကျော်သက် ညာနောက်ခံလူ ရီကိုလီဝစ်ကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပွဲအပြီးမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဝေါ်ကာနဲ့ ကန်ဆယ်လိုတို့ မန်စီးတီးအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိချိန်မှာ အသက် ၁၈ နှစ်အရွယ် ကစားသမားက ပွဲကြီးပွဲကောင်း တစ်ခုအတွက် မန်စီးတီး ညာနောက်ခံလူအဖြစ် ကစားပေးဖို့ တာဝန်ပေးခံခဲ့ရပါတယ်။

အီတီဟက်ကွင်းက နိုင်ပွဲအပြီးမှာတော့ နည်းပြ ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းမှာ ဒီလို လူငယ် ကစားသမားကောင်းတွေရှိနေခြင်းက ကံကောင်းမှုတစ်ရပ်ပဲလို့ ဝန်ခံပြောဆိုကာ လီဝစ်ကို ချီးကျူးခဲ့ပါတယ်။

ပက်က “ပထမပိုင်း ပွဲချိန်တွေမှာ အကယ်ဒမီ ကစားသမားလေးတွေက တော်တော်လေး ကောင်းအောင် ကစား ခဲ့ပါတယ်။ လီဝစ်ရဲ့စွမ်းဆောင်ရည်မျိုးကို ကျွန်တော်မြင်ချင်လို့ စောင့်နေတာ အတော်လေးကြာနေခဲ့ပါပြီ။

သူက အသက် ၁၇ ဒါမှမဟုတ် ၁၈ နှစ်လောက်ပဲ ရှိသေးပြီး စူပါစတားတွေပါဝင်တဲ့ လီဗာပူးရဲ့ ရှေ့တန်းကို ရင်ဆိုင် ကစားပြခဲ့ပါတယ်။”

“ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးမရှိတဲ့အချိန်မှာပါ သူကစားပြခဲ့တဲ့ပုံစံက လာမယ့်ဆယ်စုနှစ်မှာ ဒီလို ကစားသမားမျိုး ပိုင်ဆိုင်ထားတာ ကျွန်တော်တို့အတွက် မယုံနိုင်လောက်စရာ ကံကောင်းမှုတစ်ခုလို့ ဖော်ပြနေပါတယ်။”

“အသင်း အနေနဲ့ သူ့ကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်မိသလို သူကစားခဲ့ရတဲ့ပွဲစဉ်ကလည်း ထူးခြားပါတယ်”လို့ ပြောဆိုခဲ့တာပါ။

မန်စီးတီး ဆယ်ကျော်သက် ညာနောက်ခံလူက အခုဘောလုံးရာသီမှာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ပွဲဦးထွက်ကို ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလား ကျင်းပနေချိန် အဘူဒါဘီမှာ လေ့ကျင့်ပြင်ဆင်တဲ့ မန်စီးတီး လူစာရင်းမှာလည်း ဒီဆယ်ကျော်သက် ကစားသမားလေး ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

လီဗာပူးနဲ့ ပွဲစဉ်ကို အနိုင်ရခဲ့တာကြောင့် မန်စီးတီးဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ဖက် ဆောက်သမ်တန်နဲ့ စိန့်မေရီကွင်းမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။