အင်္ဂလန်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား သွားပြိုင်ပြီးနောက် ဝိတ်တက်ပြန်လာတဲ့ စီးတီးအသင်းသားကို နည်းပြ ပက် ဆူပူနေ
မန်စီးတီးအသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ကယ်လ်ဗင် ဖိလစ် ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ကိုယ်အလေးချိန် လွန်ပြီး ပြန်လည်ရောက်ရှိလာတာကြောင့် လေ့ကျင့်ရေးတောင် မပြုလုပ်နိုင်ခဲ့ဘူးလို့ မန်ချက်စတာ စီးတီးနည်းပြ ဂွါဒီယိုလာက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဖိလစ် ဟာ ကြာသပတေးနေ့ညက လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲအတွင်း မန်ချက်စတာစီးတီးရဲ့ ပွဲနေ့ လူစာရင်းထဲကို မပါဝင်နိုင်ခဲ့တာက အံ့အားသင့်စရာကောင်းခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲထွက် ၁၁ ဦးစာရင်းထဲမှာ အင်္ဂလန်အသင်းသားတစ်ဦးမှ မပါဝင်ခဲ့ဘဲ ကိုင်လီ ဝေါ်ကာ၊ ဂျွန် စတုန်းစ်၊ ဂျက်ခ် ဂရီးလစ်ရှ်၊ ဖိုဒန်တို့အားလုံးဟာ လူစားဝင်ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံး ၃ ဦးစလုံးဟာ အရန်ခုံကနေ ဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဖိလစ် ဟာ ဂွါဒီယိုလာရဲ့ အသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ လိဒ်စ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ဆိုးရွားတဲ့ ပုခုံးဒဏ်ရာကြောင့် ၅၃ မိနစ်သာ ကစားပေးနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အသင်းအတွက် မိနစ် ၄၀ သာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ကယ်လ်ဗင် ဖိလစ် လီဗာပူးလ်နဲ့ပွဲကို လွဲချော်ခဲ့တာဟာ ဒဏ်ရာပြဿနာနဲ့ဆက်စပ်မယ်လို့ ပရိသတ်တွေက ထင်ခဲ့ကြ ပေမယ့်လည်း ဂွါဒီယိုလာက အင်္ဂလန်ကြယ်ပွင့် မပါဝင်နိုင်ခဲ့တာက အဲဒါကြောင့် မဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ အစပိုင်းတုန်းက အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကြံ့ခိုင်မှုမပြည့်ဝဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ခုလို ဖော်ထုတ်ခဲ့တာပါ။
“ဖိလစ်က ဒဏ်ရာ ရခဲ့တာမဟုတ်ဘူး။ သူက ကိုယ်အလေးချိန်တွေ တက်ပြီး ပြန်ရောက်လာတာ။ သူ ဘာလို့ ဝိတ်တွေ အရမ်း တက်လာတာလဲဆိုတာ ကျွန်တော် မသိပါဘူး။
သူ လေ့ကျင့်ရေးမှာ ပါဝင်ပြီး ကစားပေးနိုင်မယ့် အခြေအနေနဲ့ ပြန်ရောက်မလာခဲ့ဘူး။ အဲဒါကြောင့် သူ မကစား ပေးနိုင်တာပါ။ သူ အဆင်သင့်ဖြစ်တဲ့အချိန်ကျရင် သူ ကစားပေးပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို လိုအပ် ပါတယ်။ သူ့ကို အများကြီးလိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ကယ်လ်ဗင် ဖိလစ် နဲ့ သီးသန့် စကားပြောဆိုသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
