ရီးရဲလ်နဲ့ လီဗာပူးကို ကျော်ကာ ဘယ်လင်ဟမ် ကို အရ ခေါ်ယူနိုင်မယ့် အားသာချက်တွေ ရှိနေတဲ့ မန်စီးတီး
အင်္ဂလန်ကြယ်ပွင့် ကစားသမား ဘယ်လင်ဟမ် ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ ရီးယဲလ်မက်ဒရစ် လီဗာပူးလ်တို့ကို ငြင်းဆန်ပြီး မန်ချက်စတာ စီးတီးအသင်းကိုသာ ရွေးချယ်ကာ နည်းပြ ပက်ဂွာဒီယိုလာနဲ့ လက်တွဲလိမ့်မယ်လို့ မန်စီးတီးဘက်က ယုံကြည်နေတယ်လို့ သိရပါတယ်။
ဘယ်လင်ဟမ်ဟာ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ဥရောပ အလားအလာ အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုခိုင်မာသွားစေတဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့တာပါ။
သူ့ကို ခေါ်ယူဖို့ ကြိုးစားမှုတွေထဲမှာ လီဗာပူးက ရှေ့ဆုံးက ပြေးနေတယ်လို့ ထင်ခဲ့ပေမယ့် ဒီရက်ပိုင်း အတွင်း သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ဘာမင်ဟမ်စီးတီး ကွင်းလယ်လူဟောင်းကို ခေါ်ယူဖို့ လီဗာပူးထက် ရေပန်းစား နေပြီး ပေါင် သန်း ၁၀၀ လောက်အထိ ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဒေါ့မွန်နဲ့အတူ ဂျာမနီမှာ ဘယ်လင်ဟမ်ရဲ့ ကစားသမားဘဝက အရှိန်မြှင့်ပြီးကတည်းက ဥရောပ ထိပ်သီးကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။ ကမ္ဘာ့ဖလားပြီးတော့ သူ့ရဲ့ တန်ကြေးက ပိုပြီး တက်လာဖို့ပဲ ရှိခဲ့ပါတယ်။
ဘယ်လင်ဟမ် ဟာ ဘာနေဗျူးကို ရောက်သွားတော့မယ်လို့ ပြောနေကြပေမယ့် မန်စီးတီးကတော့ ပက်ဂွာဒီယိုလာ လက်အောက်မှာ လုပ်ရမယ့် အခွင့်အရေးကြောင့် စီးတီးဘက်မှာအားသာနေတယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။
မန်စီးတီးမှာက သူ့အသင်းဖော်ဟောင်း ဟာလန်းအပြင် ဖိုဒန် ဂရီးလစ်ရှ် ဖီးလစ် ဝေါ်ကာ စတုန်းစ်တို့လို လက်ရွေးစင် အသင်းဖော်တွေနဲ့ ကစားသမားတွေကို ပိုမို တိုးတတ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ နည်းပြကြီး ပက်ဂွာဒီယိုလာပါ ရှိနေတာဖြစ်လို့ ဘယ်လင်ဟမ်အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားလာခဲ့မယ်ဆိုရင် ရီးရဲလ် လီဗာပူးလ်တို့ထက် သူတို့ အသင်းကို ရွေးချယ်လာနိုင်လိမ့်မယ်လို့ စီးတီး က ယုံကြည်နေပါတယ်။
၂၀၂၀ မှာ ဒေါ့မွန်ကို ရောက်လာပြီးကတည်းက ဘယ်လင်ဟမ်ဟာ ၁၁၂ ပွဲကစားခဲ့ပြီး အသင်းခေါင်းဆောင်နေရာပါ ရရှိခဲ့သလို ၂၁ဂိုးသွင်း၊ ၁၉ဂိုး ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
သူဟာ အီရန်ကို ၆-၂ နဲ့ အနိုင်ရခဲ့တဲ့ သူ့ရဲ့ ကမ္ဘာ့ဖလား ပွဲဦးထွက်မှာ အင်္ဂလန်အတွက် ပထမဆုံးဂိုးကို သွင်းယူ ပေးခဲ့ပြီး ပြိုင်ပွဲတလျှောက် ဂါရတ်ဆောက်ဂိတ်ရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ နေရာတစ်ခုကို ရယူခဲ့တာ ဖြစ်ပါတယ်။