ဂွာဒီယိုလာ က ၂ခါ မမှားဘူး၊ ဒီညပွဲ အနိုင်ကန်မယ် လို့ ထောက်ခံလိုက်တဲ့ နောက်ခံလူဟောင်းကြီး

ဒီည လိစ်ဒ်ယူနိုက်တက် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးက လုံးဝ မရှုံးနိုင်ပါဘူးလို့ ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း လက်စကော့ က ခန့်မှန်းသွားပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံး အမှတ်ပေးပွဲမှာ ဘရန့်ဖိုဒ့်ကို အရေးနိမ့်ခြင်းကြောင့် လိဂ်ဦးဆောင်သူ အာဆင်နယ်နဲ့ ၅ မှတ် ပြတ်ခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်မှုနဲ့ ဟန်ချက်ညီမှု ရာနှုန်းပြည့် မရသေးခင် လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရတာဟာ ခက်ခဲနိုင်ပေမယ့် ဂွာဒီယိုလာရဲ့ အသင်းက နှစ်ခါ အမှားမလုပ်ဘူးလို့ ခံစစ်မှူးဟောင်းကြီး လက်စကော့ က သုံးသပ် လာခဲ့ပါတယ်။

လက်စကော့က ” မန်စီးတီးကို ဧည့်ခံကစားရာမှာ အီလန်ရုဒ်က ရန်လိုတဲ့ သဘော ဆောင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီးအသင်းက လိဒ်စ်ကို ရင်ဆိုင်ကစားပြီး အနိုင် ၃ မှတ် အပြည့် မရခဲ့ရင် ကျနော်ကတော့ အံ့ဩမိမှာပါ။

အရင်လတုန်းက မန်စီးတီးတို့ ဘရန့်ဖိုဒ့်ကို အရေးနိမ့်ထားခဲ့တယ်။ ဂွာဒီယိုလာရဲ့ အသင်း လိဂ်မှာ ၂ ပွဲဆက် အရေးနိမ့်တာမျိုး မြင်ရဖို့က ရှားပါးလွန်းပါတယ်။ ဒုတိယ ရာသီဝက်ကို အကောင်းဆုံး ပြန်လည် စတင်ဖို့ရာ မန်စီးတီးတို့ စိတ်ပိုင်းဖြတ်ထားမှာပါ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

မန်စီးတီး ပွဲ မကစားခင်မှာ အာဆင်နယ်၊ နယူးကာဆယ် တို့က နိုင်ပွဲ ကိုယ်စီ ရထားတာကြောင့် ဂန်းနားတို့ အမှတ် ပို ဖြတ်နိုင်သွားသလို နယူးကာဆယ်ကလည်း ကျော်တက်သွားပြီ ဖြစ်တာကြောင့် စီးတီးတို့ လိဒ်စ်နဲ့ ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။

လက်စကော့က ဒီညပွဲမှာ မန်စီးတီးက လိစ်ဒ်ယူနိုက်တက်ကို ၂-၀ ဖြင့် အနိုင်ရမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။