လိဒ်စ်ကို အဝေးကွင်းမှာ သက်တောင့်သက်သာ အနိုင်ယူပြီး ချန်ပီယံ ခြေစွမ်းပြခဲ့တဲ့ မန်စီးတီး
ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပထမပိုင်း ပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ရောက်တဲ့အထိ မန်ချက်စတာစီးတီးအသင်းဟာ အဲလန်း ရုဒ်မှာ ဂိုးပေါက်ရှာတွေ့ဖို့ ရုန်းကန်ခဲ့ရပြီး ၄၆ မိနစ်မှာ ရိုဒရီက မာရက်ဇ်ရဲ့ ကန်ချက်ကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆ မိနစ်အကြာမှာပဲ ဂျက် ဂရီးလစ်ရှ်က လိဒ်စ်အသင်းခေါင်းဆောင် လီယန် ကူးပါးရဲ့ ရော်ဘင် ကော့ချ်ကို ဆိုးရွားတဲ့ ပေးပို့မှုကနေတဆင့် ကြားဖြတ်ရယူပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအနေအထားမှာမကန်ဘဲ ဘေးမှာ ပါလာတဲ့ ဟာလန်းကို ထိုးပေးခဲ့ရာမှာ နော်ဝေတိုက်စစ်မှူးက အမှားအယွင်းမရှိ ပိတ်သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။
၆၄ မိနစ်မှာ ဟာလန်းနဲ့ ဂရီးလစ်ရှ်တို့ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပေါင်းစပ်မှုနဲ့အတူ စီးတီးအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ညာတောင်ပံကနေ အတွင်းဝင်လာတဲ့ ဒီဘရိုင်းနားက နော်ဝေတိုက်စစ်မှူးဆီ ဘောလုံးပေးပို့ခဲ့တာဖြစ်ပါတယ်။
ဟာလန်းက ဘယ်တောင်ပံမှာ ရှိနေတဲ့ ဂရီးလစ်ရှ်ဆီကို ခင်းပေးခဲ့ပြီး နှစ်ယောက်သား ဝမ်းတူးရိုက်ပြီး ဒေါ့မွန် ကြယ်ပွင့်ဟောင်း ကန်သွင်းခဲ့တဲ့ ဘောလုံးကို မက်စ်လီယာပုတ်ထုတ်ခဲ့ပေမယ့် ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
အာလင်း ဟာလန်းဟာ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ နောက်ထပ် သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယခုရာသီ သွင်းဂိုး ၂၆ ဂိုးပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၇၃ မိနစ်မှာတော့ လိဒ်စ်ယူနိုက်တက်အသင်းက ထောင့်ကန်ဘောရရှိခဲ့ရာမှာ ဆမ် ဂရင်းဝုဒ်က ကန်တင်ခဲ့ပါတယ်။
ပါစကယ် စထရက်ဂ်က ဆမ် ဂရင်းဝုဒ်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့အတူ အဆုံးသတ်နိုင်ခဲ့ပြီး မန်စီးတီးဂိုးသမား အီဒါဆင် ပုတ်ထုတ်ခဲ့ပေမယ့်လည်း မဆိုစလောက် နောက်ကျသွားတဲ့အတွက် ဘောလုံးကို မိမိရရ မပုတ်နိုင်ခဲ့ဘဲ ဂိုးပေါက်ထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့ည အဲလန်း ရုဒ်မှာ အရေးပါတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့လည်း ရမှတ်ကွာဟမှုကို ၅ မှတ်အထိ ပြန်လည်လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။