ပရီးမီးယားလိဂ် စံချိန်သစ် တင်ပြီးနောက် အာဆင်နယ်ကို အမဲလိုက်ပြီ လို့ စိန်ခေါ်တဲ့ ဟာလန်း
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဗုဒ္ဓဟူးနေ့ညက လိဒ်စ်ယူနိုက်တက်ကို အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို အမဲလိုက်သွားမယ်လို့ စိန်ခေါ် သတိပေးစကား ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ကမ္ဘာ့ဖလားအပြီး ပထမဆုံး ပြန်လည်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အဲလန်း ရုဒ်က ပွဲစဉ်မှာ ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီးမှာ ရိုဒရီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဟာလန်းက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်အကွာ ဒုတိယနေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ပိုင်း ပထမဆုံး ကလပ်အသင်းဖြစ်လာဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မန်စီးတီးဟာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် ရာသီဒုတိယပိုင်းမှာ ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ဖို့အတွက် တာထွက်ကောင်းခဲ့ပြီဖြစ်ပြီး ၂၀၁၄၊ ၂၀၁၉၊ ၂၀၂၁ ခုနှစ်တုန်းကလည်း ဆုဖလားကို ရရှိဖို့အတွက် ခရစ္စမတ်ကာလမှာ နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ဟာလန်းဟာ မန်ချက်စတာစီးတီးရဲ့ ဆုဖလားစိန်ခေါ်မှုအတွက် အဓိက ကျတဲ့ ကစားသမားဖြစ်ပြီး အဲလန်း ရုဒ်က သွင်းဂိုး ၂ ဂိုးကြောင့် ပရီးမီးယားသွင်းဂိုး ၂၀ ပြည့်မြောက်ဖို့အတွက် ၁၅ ပွဲသာ ကစားပေးဖို့ လိုအပ်ခဲ့တဲ့အတွက် ပွဲအရေအတွက်အနည်းဆုံးနဲ့ ဂိုး ၂၀ ပြည့်မြောက်တဲ့ စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဟာလန်းက လိဒ်စ်နဲ့ပွဲမှာ အခွင့်အရေးအများအပြားကို လွဲချော်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အာဆင်နယ်ကို အမဲလိုက်ရမယ်။ ကျွန်တော့်မှာ ပန်းတိုင်ရှိပေမယ့် အဲဒါကို ပြောလို့မရပါဘူး။ ကျွန်တော် ၅ ဂိုးသွင်းယူနိုင်ရမယ်လို့ အဝတ်လဲခန်းထဲမှာ ပြောခဲ့ပေမယ့် အရေးအကြီးဆုံးအရာက အနိုင်ရဖို့ပါ”
“ကျွန်တော် ဂိုးတွေ အများကြီး ပိုသွင်းယူနိုင်ခဲ့ရမှာဖြစ်ပေမယ့် ဒါက ဘဝဖြစ်ပြီး ကျွန်တော် ပိုပြီး လေ့ကျင့်ရမှာပါ။ ကျွန်တော် အိမ်မှာ ရှိနေခဲ့ပြီး ကမ္ဘာ့ဖလားမှာ မပါဝင်ခဲ့ရတဲ့အတွက် နည်းနည်း ဒေါသထွက်နေခဲ့ပါတယ်။
ကျွန်တော့်ကိုယ်ကို အားသွင်းခဲ့တယ်။ ကမ္ဘာ့ဖလားမှာ တခြားလူတွေ ဂိုးသွင်းပြီး နိုင်ပွဲတွေ ရယူနေတာကို ကြည့်ပြီးပဲ အားသွင်းတယ်။ စိတ်ဓာတ်ခွန်အားယူတယ်။ ကျွန်တော် အရင်ကထက်တောင် ပိုပြီး ဆာလောင်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
