ထရိန်နင်တွေ မိလွန်းလို့ ဘော်ဒီတောင် ဆက်စီကျလာတဲ့ တပည့်ကျော် အကြောင်း ပက် အရွှန်းဖောက်

ကမ္ဘာ့ဖလား ကာလအတွင်း ကိုယ်အလေးချိန် မြင့်တက်လာမှုကြောင့် တစ်ကိုယ်တည်း လေ့ကျင့်ခန်းဆင်းနေရတဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖိလစ်ရဲ့ ခန္ဓာကိုယ် အချိုးအစားဟာ လုံးဝကို ဆွဲမက်စရာ ကောင်းနေပြီ လို့ နည်းပြ ဂွာဒီယိုလာက မီဒီယာတွေကို အရွှန်းဖောက် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်း ပွဲမှာ ဝိတ်တက်လာမှုကြောင့် ဖိလစ် ကို အသင်းလူစာရင်းမှ ချန်လှပ်ခဲ့တဲ့ ဂွာဒီယိုလာ ဟာ ပြီးခဲ့တဲ့ လိဒ်နဲ့ ပွဲမှာတော့ ဖီးလစ်ကို အရံစာရင်းထဲ စတင်ထည့်သွင်းလာခဲ့ပါတယ်။

ဒါကြောင့် သတင်းထောက်တွေက ဖီးလစ်ကို ရှေ့လာမယ့် ပွဲစဉ်တွေမှာ ထည့်သွင်း အသုံးပြုတော့မလားဆိုပြီး မေးမြန်းခဲ့ရာ ဂွာဒီယိုလာက ယခုလို ဖြေဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ သူ့ရဲ့ လက်ရှိ ဘော်ဒီ အနေအထားက လုံးဝကို ဂွတ်ရှယ်ပါပဲ၊ လုံးဝကို ဆက်စီကျနေပါတယ်၊ ဒါ့ကြောင့် ဒီပိတ်ရက် ကစားမယ့်ပွဲစဉ်တွေမှာ ခင်ဗျားတို့ စောင့်ကြည့်ကြရပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ရိုဒရီကလည်း ပွဲတိုင်း ကစားနိုင်မှာ မဟုတ်ပါဘူး၊ ဒါ့ကြောင့် အနှေးနဲ့အမြန် ဖိလစ် ပွဲထွက်ခွင့် ရတော့မှာပါ၊ မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလိုက်လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ဖိလစ်ရဲ့ ပါဝင်ပုံတွေကို ကြည့်ရင်း ကျွန်တော် အရမ်းပဲ ကျေနပ်အားရမိပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ဟာ ယခုရာသီအတွင်း အသင်းအတွက် စုစုပေါင်း ၄ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားသူ တစ်ယောက်ဖြစ်ပြီး မန်စီးတီးအသင်းထံ စရောက်ကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် စီးတီးအတွက် ၁၁ ပွဲအထိ လွဲချော်ခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။