ဘယ်စွန် နောက်ခံလူ နေရာ အတွက် ချယ်ဆီး အသင်းသား အပါအဝင် ပစ်မှတ် ၃ ဦးကို မန်စီးတီး ချိန်ရွယ်နေ
မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ကစားသမားအင်အား ထပ်မံ ဖြည့်တင်းသွားဖို့ အတွက် ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖာလန်မန်ဒီ၊ အာဆင်နယ် ဘယ်နောက်ခံလူ ကီရန် တီယာနေးနဲ့ ချယ်ဆီး ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။
မန်စီးတီးအသင်းဟာ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် ကန်ဆယ်လို မန်ဒီနဲ့ ဂိုးမက်ဇ်တို့ ရှိနေပေမယ့်လည်း ကန်ဆယ်လိုက တကယ်တမ်းမှာ ညာနောက်ခံလူ ဖြစ်နေသလို ဘင်ဂျမင်မန်ဒီကလည်း အမှုရင်ဆိုင်နေရတာကြောင့် ဒီရာသီ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာဂျီယိုဂိုးမက်ဇ် တစ်ဦးတည်းသာ စီးတီးရဲ့ ဘယ်နောက်ခံလူအဖြစ် ရှိနေရပါတယ်။
အသင်းအတွက် တစ်ဦးတည်းသော ဘယ်ခြမ်းခံစစ်ကစားသမား ဂိုးမက်ဇ်ဟာလည်း ကန်ဆယ်လိုနေရာ ခြိမ်းခြောက်နိုင် ရလောက်တဲ့အထိ မစွမ်းဆောင်နိုင်တာကြောင့် မန်စီးတီးအနေနဲ့ နောက်ထပ် ဘယ်နောက်ခံလူတစ်ဦးကို ထပ်မံ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဘယ်နောက်ခံနေရာအတွက် မန်ဒီ၊ ချီဝဲလ်နဲ့ တီယာနေးတို့ကို ပစ်မှတ်ထားလျက် ရှိနေပေမယ့် အဲဒီထဲမှာမှ ကူကူရယ်လာကြောင့် ချယ်ဆီးအသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးလာခဲ့ရတဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ချီဝဲလ်ကို ပိုမို စိတ်ဝင်စားလို့နေပါတယ်။
ဗြိတိန် သတင်းဌာန The Athletic ရဲ့ ဖော်ပြချက်တွေအရ မန်စီးတီးအသင်းက လက်စတာ နောက်ခံ အစွန်လူဟောင်း ချီဝဲလ်ကို အသေအချာ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။
တကယ်တော့ မန်စီးတီးအသင်းဟာ ဒီနှစ် နွေဈေးကွက်မှာကတည်းက အသင်းရဲ့ ဘယ်စွန် နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် ဘရိုက်တန်ရဲ့ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကို အစားထိုး ခေါ်ယူဖို့ ချိန်ရွယ်ခဲ့တာပါ။
ဒါပေမယ့်လည်း ချယ်ဆီးက မန်စီးတီးထက် လက်ဦးမှု ရယူခဲ့သလို ချယ်ဆီးမှာလည်း ကူကူရယ်လာ ရောက်ရှိ လာပြီးနောက် ချီဝဲလ်ရဲ့ ပွဲကစားခွင့်က အကန့်အသတ်နဲ့ ဖြစ်လာခဲ့တာကြောင့် မန်စီးတီးဘက်က ချီဝဲလ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘင်ချီဝဲလ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ဒီရာသီအတွင်း ချယ်ဆီးအတွက် (၈)ပွဲသာ ပွဲထွက်ကစားထားခဲ့ရပါတယ်။