အာဆင်နယ် ချန်ပီယံ ဖြစ်သွားနိုင်လို့ စိုးရိမ်ပါကြောင်း Mind Game တိုက်လာတဲ့ ဂွါဒီယိုလာ

စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ ၎င်းရဲ့အသင်းဟာ ပရီးမီးယားလိဂ်သရဖူကို ကာကွယ်ဖို့အတွက် ဆာလောင်မှုကို ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုခဲ့ပြီး လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူတွေဟာ စံချိန်သစ်ရေးထိုးသွားမှာကို စိုးရိမ်နေပါတယ် လို့ Mind Game ထည့် သွားပါတယ်။

ဂန်းနားတွေဟာ အမှတ်ပေးဇယား ပထမနေရာမှာ ဆက် ရှိနေဆဲ ဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ ၅ မှတ် ကွာဟနေတာဖြစ်ပါတယ်။

ဂွါဒီယိုလာ က “အာဆင်နယ်က အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပြီး သူတို့က ကျွန်တော်တို့ထက် ပိုပြီး ကောင်းမွန်နေတယ်။ ဒီလို အချက်တွေကတော့ ခင်ဗျား သူတို့နဲ့ ယှဉ်ပြိုင်လို့မရဘူး။ ခင်ဗျား သူတို့နဲ့ ယှဉ်ပြီး မတိုက်ခိုက်နိုင်ဘူး။

အာဆင်နယ်သာ ဆက်ပြီးတော့ အနိုင်နဲ့ သရေကျနေရင် သူတို့တွေ ချန်ပီယံဖြစ်လိမ့်မယ်။ ဒီလို စည်းချက်မျိုးနဲ့ဆိုရင် သူတို့တွေ ရမှတ် ၁၀၀ ရသွားနိုင်တယ်။ ဒါပေမယ့်လည်း ရာသီက ရှည်လျားပြီး အရာတော်တော်များများက ဖြစ်ပျက်နိုင်ပါသေးတယ်။

ကျွန်တော်တို့ ကောင်းမွန်တဲ့အရာအများအပြားကို လုပ်ခဲ့ပြီး အဲဒါကို လုပ်ဖို့ စိတ်ဆန္ဒနဲ့ ဆာလောင်မှု ရှိပါသေးတယ်။ ခင်ဗျား အများကြီး အနိုင်ရရှိတဲ့အချိန်မှာ အခြေအနေကို ကိုင်တွယ်ဖို့ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် တဖက်မှာ လည်း ‘ငါတို့တွေ ဒီဟာကို နောက်ထပ်တစ်ကြိမ် လုပ်ရမယ်’ဆိုတာလည်း ရှိတယ်။ အဲဒါက ရှုပ်ထွေးပါတယ်”

“အာဆင်နယ်က အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပြီး အခုအထိ ကျွန်တော်တို့ထက် ပိုပြီးကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ၁၅ မှတ်၊ အမှတ် ၂၀ လောက် ကွာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နီးစပ်နေပါတယ်။ ကျွန်တော် ပိုပြီးတော့ နီးစပ်ချင်ပေမယ့် ကျွန်တော်တို့ ပွဲစဉ် ပထမအကျော့တောင် မပြီးသေးပါဘူး။ အဲဒါက ကြီးမားတဲ့ အကွာအဝေး မဟုတ်ပါဘူး ”လို့ ပြောကြားခဲ့ပါတယ်။