အဲဗာတန်ရဲ့ ခံစစ်ပိတ်ချက်ကို မဖောက်နိုင်လို့ သရေနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မန်ချက်စတာ စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ မနေ့ညက အီတီဟက်မှာ အဲဗာတန် အသင်းကို ဧည့်ခံ ကစားရာ ၁-၁ သရေ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။
ဒီပွဲမှာ စီးတီး ပွဲထွက် လူစာရင်းမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ဂျွန်စတုန်းစ်၊ လူးဝစ္စနဲ့ အာကေတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးပြီး တန်းဆင်းဇုန်နဲ့ နီးလာခဲ့တဲ့ အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဂေါ့ဖရီ၊ ကိုဒီ၊ ပက်တာဆန်နဲ့ မစ်ကိုလန်ကိုတို့ကို ငါးယောက်တန်းထားပြီး ပိတ်ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာ၊ အီဝိုဘီနဲ့ ဂရေးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင် တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။
အဲဗာတန်တို့အနေနဲ့ ပွဲစကတည်းက ခပ်ကြမ်းကြမ်း ချဉ်းကပ်လာခဲ့သလို စက္ကန့်ပိုင်းအတွင်းမှာပဲ ဟားလန်းကို နောက်ကနေ တီးထည့်လိုက်တဲ့ ဂေါ့ဖရီကြောင့် အိမ်ရှင်ပရိသတ်တွေက ကာယကံရှင်နဲ့ ဒိုင်လူကြီး မက်ဒ်လီကို လှောင်ပြောင်ခဲ့ကြပြီး မန်စီးတီးတို့အနေနဲ့ ထုံးစံအတိုင်း ဘောလုံးကိုင်ရင်း ပွဲကို စီးထားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၁ မိနစ်မှာ ဒီဘရိုင်းနားရဲ့ လျှပ်တစ်ပြက် ပေးပို့မှုကနေ ဟားလန်းရဲ့ ထောင့်ကျဉ်းကန်ချက် တိုင်ဘေးက လွဲချော်သွားခဲ့သလို ပွဲချိန် ၁၉ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ဂျွန်စတုန်းစ်ကို ပစ်ခ်ဖို့ဒ် တားဆီးရာမှာ ခေါင်းထိခဲ့လို့ မန်စီးတီးဘက်က ဂရီးလစ်ရှ် ဦးဆောင်တဲ့ ကစားသမားတွေနဲ့ အဲဗာတန် ခံစစ်သမားတွေကြား အငြင်းပွားခဲ့ကြသေးတာပါ။
ပွဲချိန် ၂၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ဘောလုံးရလာတဲ့ ဂရီးလစ်ရှ်က ညာခြမ်းနေရာလွတ်ထဲ ချပေးရာမှာ မာကင်ကပ်ခံမထားရဘဲ လွတ်နေတဲ့ မာရက်ဇ်က အဲဗာတန်နောက်ခံလူတွေကို လိမ်ခေါက်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဟားလန်းက ညာခြေနဲ့ ကန် သွင်းနိုင်ခဲ့လို့ ဂိုးသမား ပစ်ခ်ဖို့ဒ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
ဂိုးပေးလိုက်ရအပြီးမှာတော့ အဲဗာတန်တို့ အမြင့်ဘောတွေနဲ့ ထိုးဖောက်ပြီး ကဲလ်ဗတ်-လူဝင်နဲ့ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ကြပေမယ့် စီးတီးခံစစ်က ထိန်းချုပ်သွားနိုင်ခဲ့သလို ပွဲချိန် ၄၄ မိနစ်မှာတော့ ညာခြမ်းက ဖရီးကစ်ကို ဒီဘရိုင်းနား ကန်တင်ပေးရာမှာ လူကြားထဲကနေ ပြေးထွက်လာတဲ့ ဂျွန်စတုန်းစ်က ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်ခဲ့ရာမှာ တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ ရင်ခံခဲ့ရတာပါ။
ပထမပိုင်း ပွဲပြီးခါနီးမှာတော့ မစ်ကိုလန်ကို,ကို ခပ်ကြမ်းကြမ်းဖျက်တဲ့ ဟားလန်း အဝါကတ်ထိခဲ့အပြီးမှာ မန်စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အဲဗာတန်တို့က ကွင်းလယ်မှာပါ ပိတ်ဆို့ပြီး ခံစစ်ငါးယောက်တန်းနှစ်တန်း ကစားခဲ့တာကြောင့် စိတ်သိပ်မရှည်ချင်တဲ့ အိမ်ရှင်တွေ ဖန်တီးမှု ကျဆင်းလာခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုး သွင်းယူသွားခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဂေးယီ ပေးတာကို တောက်လျှောက်ဆွဲပြေးခဲ့တဲ့ တောင်ပံကစားသမား ဂရေးက ဧရိယာထဲအထိ ဆွဲပြေးခဲ့ချိန်မှာ ဘယ်တောင်ပံကနေ တက်လာတဲ့ မစ်ကိုလန်ကိုကြောင့် အာကန်ဂျီ အာရုံများသွားပြီး နေရာလွတ် ပေါ်လာခဲ့ချိန်မှာ ဂရေးက ဘယ်သူ့မှ မပေးဘဲ ညာဘက်အပေါ်ထောင့်ကို ဂိုးသမား အီဒါဆန်ပေါ်ကနေ ကျော်ကန်သွင်းယူသွားခဲ့တာပါ။
ဒီနောက်မှာတော့ အဲဗာတန်တို့ဘက်က ကဲလ်ဗတ်-လူဝင်နဲ့ ပက်တာဆန်တို့အစား မော်ပေနဲ့ ကိုးလ်မန်းတို့ကို လဲကစားခဲ့သလို ဂေးယီအစား တွမ်ဒေးဗီးစ်ကို ထပ်ထည့်ပြီး ကွင်းလယ်မှာ ကစားအား မကျဘဲ ပိတ်ဆို့နိုင်ဖို့ နည်းပြ လမ်းပတ်က မှန်မှန်ကန်ကန် လုပ်ဆောင်သွားခဲ့ချိန်မှာ ဂွါဒီယိုလာအနေနဲ့ အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေခဲ့ပြီး ပွဲပြီးခါနီးအထိ ဒီအတိုင်းပဲ ဆက်ကစားခဲ့တာဖြစ်ပါတယ်။
အဲဗာတန်တို့အနေနဲ့ ခံစစ်ဇုန်နဲ့ ဧရိယာထဲမှာ တစ်သင်းလုံးဆင်းပြီး ပိတ်ဆို့သွားခဲ့တာကြောင့် ဟားလန်းတောင် တောင်ပံပြောင်းဖောက်ရမလို ဖြစ်နေခဲ့ချိန်မှာမှ ဂွါဒီယိုလာအနေနဲ့ ဂရီးလစ်ရှ်၊ လူးဝစ္စနဲ့ ဘာနာဒို ဆေးလ်ဗားတို့အစား ဖိုဒန်၊ ဂွန်ဒိုးဝမ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲချိန် ၈၇ မိနစ်မှာ ပြောင်းလဲသွားခဲ့ပြီး နာကျင်အချိန်ပိုအဖြစ်နဲ့တော့ ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့တာပါ။
ဒါပေမယ့် အဝေးကွင်းမှာ တစ်မှတ်ပဲဖြစ်ဖြစ် ရအောင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပိတ်ကစားနေတဲ့ အဲဗာတန်တို့ရဲ့ ခံစစ်ကစားမှုကို စီးတီးတို့ ဘယ်လိုမှ မကျော်နိုင်တော့ဘဲ ပေါ့ပေါ့လျော့လျော့နဲ့ ပွဲကို ချဉ်းကပ်ခဲ့ကြတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ ကစားသမားတွေအနေနဲ့ အနိုင်ရဖို့ မလုပ်နိုင်ကြတော့ဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။