ဂိုးသွင်းကြမ်းနေတဲ့ စီးတီး တိုက်စစ်မှုး ဟာလန်းကို ချဲလ်ဆီး ဘယ်လိုရင်ဆိုင်မလဲ ပြောသွားတဲ့ ဂရေဟမ် ပေါ်တာ
ဒီနေ့ညမှာတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရမှတ်တွေ ရှုံးဆုံးခဲ့တဲ့ မန်စီးတီး နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက်တွေ့မယ့် ပွဲကြီး ပွဲကောင်း ဖြစ်ပါတယ်။ ဒီ ၂သင်း အကြားမှာလည်း ရမှတ် သာမက ရည်မှန်းချက် ကွာဟမှုတွေ ရှိနေပါတယ်။
သို့ပေမယ့် မန်စီးတီးကသာ ယနေ့ညပွဲမှာ အနိုင်ရဖို့ ပိုပြီး ရေပန်းစားနေကာ ၊ ဂိုးမြူးနေတဲ့ နော်ဝေး ဂိုးသွင်းစက် အာလင်း ဟာလန်းကိုလည်း ချဲလ်ဆီးတို့ ဘယ်လို ထိန်းရမလဲ ဆိုတာ ခေါင်းခဲစရာ ဖြစ်နေပါတယ် ။ ၂သင်းလုံး အတွက် ၃မှတ် မဖြစ်မနေ ရဖို့ လိုတဲ့ ပွဲဟာ ဘယ်လို အဖြေ ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။
ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် ၂၁ဂိုး ရထားပြီး ရွှေဖိနပ်ဆု အတွက် တစ်ပြေးနေတဲ့ ဟာလန်းကို ယနေ့ညမှာ ၎င်းတို့ ဘယ်လို ထိန်းသွားမလဲ ဆိုတဲ့ အမေး အပေါ် အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။
ပေါ်တာ က ” ဟာလန်းဟာ အံ့သြဖွယ်ကောင်းတဲ့ ဘောလုံးရာသီ တခုကို ဖြတ်သန်းနေပါတယ် ။ သူ့ရဲ့ ဂိုးမှတ်တမ်းက တကယ် အံ့သြစရာပါ ။ မန်စီးတီးဟာ ထိပ်တန်း ကလပ် တသင်း ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်အကြောင်း ကိုယ်ပဲ စဉ်းစားရပါမယ် ။ ဘယ်လို ပိုကောင်းအောင် လုပ်မလဲ ၊ ပွဲကို ဘယ်လိုချဉ်းကပ်မလဲ စတာတွေပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ရဲ့ နောက်ဆုံးပွဲမှာ တန်းတက် ဘုန်းမောက်ကို ပထမပိုင်း အံ့သြဖွယ် ခြေစွမ်းတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ကန်ပြီး နိဂုံးချုပ်နိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ နှစ်သစ်ရဲ့ အဖွင့်ပွဲမှာ တန်းတက် နော်တင်ဟမ်ဖောရက်စ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရကာ ၊ နှစ်ဟောင်းက အကျင့်တွေနဲ့ အတူ သရေ တမှတ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။
ဒီအတွက်ကြောင့် မန်စီးတီးနဲ့ ပွဲဟာ နှစ်သစ်ရဲ့ အသစ်က ပြန်စတဲ့ပွဲ ဖြစ်မလား ဆိုတဲ့ အမေး အပေါ် ပေါ်တာ က
” ကျွန်တော်ကတော့ ဒီလို မခေါ်ချင်ပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ၁၅ပွဲတောင် ကစားထားပြီးမို့ပါ ။ ဒီ ၁၅ပွဲမှာ အရာများစွာ ဖြစ်ပျက်ခဲ့ပါတယ် ။ ကျွန်တော် ဒီကို ရောက်လာတာ ၄လပဲ ရှိပါသေးတယ် ။ အရိုးသားဆုံး ဝန်ခံရရင် အဲဒီထက်တောင် ကြာနေတယ်လို့ ကျွန်တော် ခံစားရပါတယ် ။ ”
” ဒီနှစ် ဘောလုံးရာသီကိုက တမူထူးခြားနေတာပါ ။ ကျွန်တော်တို့ဟာ မန်စီးတီးကို ကမ္ဘာ့ အကောင်းဆုံး ကလပ် တသင်းနဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေး တရပ် အဖြစ်သာ ခံယူထားပါတယ် ။ ဒီပွဲဟာ ပြီးခဲ့တဲ့ နော်တင်ဟမ်နဲ့ ပွဲနဲ့ ကွဲပြားလာဖို့ ရှိပါတယ် ။ ဒါပေမယ့် ခက်ခဲတာတော့ ခက်ခဲနေဦးမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။