ချယ်ဆီးကို အနိုင်ရဖို့ ဘာလို့ ဒီလို အကွက်ရွှေ့နိုင်သလဲ ဆိုတာ ဖော်ထုတ်လိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးဟာ ဒုတိယပိုင်း လူစားလဲမှုတွေနဲ့ ပွဲကို ပြောင်းလဲပြီး ချယ်ဆီးကို အနိုင် ကစားနိုင်တဲ့နောက် နည်းပြ ပက် ဂွာဒီယိုလာကတော့ ဒီလို အကွက်ရွှေ့နိုင်တာ သူက ဉာဏ်ကြီးရှင်ဖြစ်နေလို့ပေါ့ လို့ နောက်ပြောင် ပြောဆိုသွားပါတယ်။

မာရက်ဇ်ရဲ့ သွင်းဂိုးကြောင့် မန်စီးတီးဟာ ချယ်ဆီးကို ၁-၀ နဲ့ အနိုင်ရပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၅မှတ် အကွာကို ပြန်ရောက်ခဲ့ပါတယ်။ အသက်မပါတဲ့ ပထမပိုင်းအပြီး ဂွာဒီယိုလာဟာ စွမ်းဆောင်ရည်ပိုင်း ပြင်ဆင်ဖို့ ဝေါ်ကာနဲ့ ကန်ဆယ်လို အစား လူးဝစ်နဲ့ အကန်ဂျီတို့ကို စောစောစီးစီး လူစားလဲခဲ့ပါတယ်။

ဂွာဒီယိုလာ “ ပထမပိုင်းက တလွဲတွေ ဖြစ်နေခဲ့တာ။ ကျွန်တော်တို့ ဘာမှ မဖန်တီးနိုင်ခဲ့ဘူး။ ဖိအားပေးပုံကလည်း သိပ်ညံ့ဖျင်းခဲ့တယ်။ စုစည်းမှု မရှိခဲ့ဘူး။ ဒုတိယပိုင်းမှာ အထူးသဖြင့် မန်နူရယ်နဲ့ ရီကိုကြောင့် ကျွန်တော်တို့ ပိုကောင်းလာခဲ့တယ်။

ကျွန်တော်က ဉာဏ်ကြီးရှင်လေ.. ဆရာကြီးပဲ။ ဘာလို့လဲဆိုတော့ အဲဗာတန်နဲ့ ပွဲအပြီးမှာ ဘာလို့ ၈၁ မိနစ်အထိ လူစားမလဲခဲ့တာလဲ ဆိုပြီး ကျွန်တော်ကို ဝိုင်းမေးခဲ့ကြတယ်။ ဒီနေ့ အဲ့အကြောင်းကို တွေးမိပြီး စောစောစီးစီး လူစားလဲလိုက်တော့ အပြောမခံရတော့ဘူးလေ ဟုတ်တယ်မလား ” လို့ အရွှန်းဖောက်ခဲ့ပါတယ်။

ဆက်လက်ပြီး စီးတီးနည်းပြက ” ဒီပွဲကို ကျွန်တော်တို့ ရှုံးသွားနိုင်စရာ ရှိခဲ့ပေမယ့် အခုတော့ ၅မှတ် ကွာဟချက်ကို ထိန်းထားနိုင်ခဲ့ပြီ။ ဒါက သိပ်တန်ဖိုးကြီးပေမယ့် ကိုယ့်ကိုယ်ကို သက်သေပြဖို့ လိုအပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ၅နှစ်အတွင်း ၄ကြိမ် အောင်မြင်ခဲ့တာမို့ လူတွေက နိုဝင်ဘာလမှာတင် ကျွန်တော်တို့ ချန်ပီယံ ဖြစ်နေပြီသားလို့တောင် ထင်ခဲ့ကြတာပါ။ အဲ့ဒါက မဖြစ်နိုင်ပေမယ့် တခြားအသင်းတွေကတော့ ကျွန်တော်တို့လို ဖိအားပေး မခံရပါဘူး။

ကျွန်တော်တို့ ဇယားထိပ်နဲ့ ပိုပြီးနီးစပ်ချင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ လက်တလော ကစားပုံအရ သူတို့ ပိုကောင်းတဲ့ နေရာရနေတာဟာ ထိုက်တန်ပါတယ် ” လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာဖြစ်ပါတယ်။