ချန်ပီယံ ဖြစ်ချင်ရင် မန်စီးတီးနဲ့ ၂ ပွဲကနေ အာဆင်နယ် ဘယ်နှမှတ် ယူရမလဲ ကာရေဂါ ထောက်ပြ

ပြီးခဲ့တဲ့ နယူးကာဆယ်ကို သရေကျခဲ့ပေမယ့် အာဆင်နယ် အသင်းအနေနဲ့ မန်စီးတီးကို ထွေထွေထူးထူး စိုးရိမ်ပူပန် နေစရာမလိုဘဲ ချန်ပီယံဆုအတွက် အခွင့်အရေးတွေ ရှိနေသေးကြောင်း လီဗာပူးလ်ဂန္ထဝင်ကြီး ဂျေမီ ကာရေဂါက ဆိုလိုက်ပါတယ်။

ဂန်းနားတို့ဟာ ဒီတပတ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို သရေကျခဲ့တာကြောင့် တဖက်မှာ ချဲလ်ဆီးအသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ၅ မှတ်သာ ကွာဟပါတော့တယ်။

ကာရေဂါက ဂန်းနားတို့အနေနဲ့ ပုံမှန်အတိုင်း စိတ်အေးလက်အေးသာ ဆက်လက်ကစားသွားဖို့ တိုက်တွန်း လိုက်တာဖြစ်ပြီး ချန်ပီယံ ဖြစ်ချင်ရင်တော့ ဒီရာသီ မန်စီးတီးနဲ့ ကစားရမဲ့နှစ်ပွဲမှာ ၄ မှတ်လောက် ရယူနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

“ကျွန်တော် အာဆင်နယ်ပွဲကို ကြည့်ဖြစ်ပါတယ်။ သူတို့အနေနဲ့ စိတ်အေးလက်အေးရှိဖို့ပဲ လိုအပ်တာပါ။ အချိန်တွေ ရှိနေပါသေးတယ်။ မန်စီးတီးရဲ့ နိုင်ပွဲတွေအကြောင်းပဲ လူပြောများနေပေမဲ့ အာဆင်နယ်ကလည်း နောက်ဆုံး နှစ်လ၊ သုံးလအတွင်း ဆက်တိုက်နိုင်ခဲ့တာပါပဲ။ ကစားခဲ့ပြီးသမျှမှာ သုံးပွဲသာ သူတို့ အမှတ်လျော့ပါသေးတယ်။”

“မန်စီးတီးနဲ့လည်း တွေ့ဖို့ ကျန်ပါသေးတယ်။ အာဆင်နယ်သာ ချန်ပီယံဖြစ်ချင်ရင် အဲဒီနှစ်ပွဲမှာ ၄ မှတ် ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆို အာဆင်နယ်အသင်း အခြေအနေကောင်းသွားမှာပါ။ အာဆင်နယ်ဟာ အရမ်းကောင်းနေပါတယ်။ ဒီအချိန်မှာ ရမှတ် ၂ မှတ်လောက် နစ်နာသွားလို့ စိတ်ပျက်နေစရာ မရှိပါဘူး။ ဒါတွေက ဖြစ်တတ်ပါတယ်။”

ကာရေဂါက “မန်စီးတီးဆိုရင်လည်း အဲဗာတန်ကို သရေကျတယ်။ ဘရန့်ဖို့ဒ်ကို ရှုံးတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာလည်း နောက်ဆုံးမိနစ်ကျမှ အနိုင်ဂိုးရခဲ့တာပဲလေ။ အာဆင်နယ် သရေကျခဲ့တာက ဒီလိဂ်ကို ခံစစ်အကောင်းဆုံးအသင်းကိုပါ။ ဒါကြောင့် ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

လာမဲ့ပွဲစဉ်တွေမှာလည်း စပါး၊ မန်ယူတို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်တဲ့အတွက် အာဆင်နယ်လူငယ်တွေအနေနဲ့ ပွဲကြပ်ကာလမှာ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲဆိုတာ အစမ်းသပ်ခံရဝောာ့မှာပဲ ဖြစ်ပါတယ်။