ဟာလန်းကို မထည့်ဘဲနဲ့တောင် ချဲလ်ဆီးကို အပြတ်တီးပြီး ဂိုးပြတ် အနိုင်ယူလိုက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ညက အီတီဟက်မှာ ချဲလ်ဆီးကို အက်ဖ်အေပွဲ အဖြစ် ဧည့်ခံ ကစားခဲ့ရာ ၄-ဝ နဲ့ ဂိုးပြတ်တီးပစ်ခဲ့ပါတယ်။

ဒီပွဲ မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ လာပေါ့တ်၊ ဝေါ်လ်ကာနဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ မာရက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ အဝေးကွင်းမှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ကူလီဘေလီ၊ ဟမ်ဖရီစ်၊ ချာလိုဘာနဲ့ ဟောလ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ကိုဗာချစ်နဲ့ ဂါလာဂါတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟာဗတ်ဇ်၊ ဇီးယက်ရှ်နဲ့ မေဆန်မောင့်တို့ကို အသုံးပြုလာခဲ့တာပါ။

ဘရိုက်တန်လောက်နဲ့သာ တစ်ခုခု လုပ်ပြနိုင်ခဲ့တဲ့ နည်းပြ ဂရေဟမ် ပေါ့တာအနေနဲ့ ချဲလ်ဆီးအသင်းကို မောင်းနှင်နိုင်ဖို့ အစွမ်းအစမရှိဖြစ်နေပြီး သူ့ရဲ့ ကွင်းလယ်ကစားကွက်က ပွဲကို မထိန်းချုပ်နိုင်ခဲ့သလို မန်စီးတီးနည်းပြ ဂွါဒီယိုလာ အတွက်တော့ မင်းတို့ အင်္ဂလိပ်တွေရဲ့ အကောင်းဆုံးနည်းပြဆိုတာ ဒီအဆင့်လားလို့ လှောင်မေးစရာပဲဖြစ်ခဲ့ရပါတယ်။

ဖိုဒန်ကို နောက်ထားပြီး ပါးလ်မားကို ရှေ့ထားခဲ့တဲ့ မန်စီးတီး ဘယ်ခြမ်းတိုက်စစ်က အခွင့်အရေးတွေကို အသက် ၂၀ အရွယ် ပါးလ်မားက ဖြုန်းတီးနေခဲ့လို့သာ ချဲလ်ဆီးတို့ ခံသာခဲ့ပြီး သူ့အနေနဲ့ ပုံမှန်ကစားခွင့်နဲ့ အကွက်မြင်ဖို့တွေ လိုအပ်နေသေးသလို အယ်လ်ဗာရက်ဇ်အတွက် ဂိုးဖြစ်နိုင်မယ့် အပိုင်တစ်လုံးကို ဂိုးဘေးကန်ပြီး ဖြုန်းတီးပစ်ခဲ့သေးတာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မာရက်ဇ်ကို ပြစ်ဒဏ် ကျူးလွန်တဲ့ ဟောလ်ကြောင့် ပေးရတဲ့ ဧရိယာထိပ်က ဖရီးကစ်ကို မာရက်ဇ်က သူကိုယ်တိုင်ပဲ ဂိုးညာဘက် အပေါ်ထောင့်ကို တိတိကျကျ ဝေ့ဝိုက်ကန်သွင်းယူသွားနိုင်ခဲ့လို့ ဂိုးသမား ကီပါ ဘာမှမတတ်နိုင်ဘဲ ဂိုးပေး ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဖိုဒန်ရဲ့ ထောင့်ကန် ဘော ကို ရှင်းထုတ်ဖို့ ကြိုးစားတဲ့ ဟာဗတ်ဇ်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်နဲ့ ဘောလုံးတို့ မိတ်ဆက် ခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး ပေးခဲ့တဲ့ ပင်နယ်တီကို အယ်လ်ဗာရက်ဇ်က ကန်သွင်းခဲ့ရာမှာ ကန်ချက်က သိပ်မကောင်း ခဲ့ပေမယ့် ကီပါရဲ့ လက်နဲ့ထိပြီး ဂိုးထဲဆက်ဝင်သွားပြန်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ဆက်လက်ရယူပြီး ဦးဆောင်မှုကို တိုးမြှင့်နိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းက မာရက်ဇ်ရဲ့ ဖန်တီးမှုကို ဧရိယာထဲ ဝင်လာခဲ့တဲ့ ဝေါ်လ်ကာက ရယူပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဖိုဒန်က အနီးကပ် ပိတ်သွင်းယူခဲ့လို့ ချဲလ်ဆီးခံစစ်တွေ အငိုက်မိပြီး ကြေကွဲခဲ့ရတာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ ပေါ့တာက ဂဠုန်ဆားချက်တဲ့အနေနဲ့ ကိုဗာချစ်နဲ့ ဟာဗတ်ဇ်တို့အစား ဇာကာရီးယားနဲ့ လူငယ်တိုက်စစ်မှူးသစ် ဖိုဖာနာတို့ကို ထည့်သွင်းကစားလာခဲ့ပါတယ်။

ဒါပေမယ့် တိုက်စစ်မှာလည်း ဖန်တီးနိုင်စွမ်းနည်းခဲ့သလို ခံစစ်မှာပဲ အချိန်ကုန်နေခဲ့တဲ့ ချဲလ်ဆီးတို့ကို မန်စီးတီးတို့က ထိန်းချုပ်ကစားသွားခဲ့ပြီး ရိုဒရီနဲ့ ဆာဂျီယို ဂိုမက်ဇ်တို့အစား ကယ်လ်ဗင် ဖိလစ်နဲ့ ဂျာအို ကန်ဆယ်လိုတို့ကို ထည့်သွင်းသွားခဲ့သလို ဧည့်သည်တွေကတော့ ဂျော်ဂျင်ညို၊ ဇီးယက်ရှ်နဲ့ မေဆန်မောင့်တို့အစား အက်ဇ်ပီလီကွေတာ၊ ဟတ်ချင်ဆန်နဲ့ ချူကွယ်မီကာတို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ စတုတ္ထအနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘာနာဒို ဆေးလ်ဗား ပေးတာကို ဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ဖိုဒန်ကို နောက်ကနေ ဝင်တိုက်ခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ ကူလီဘေလီရဲ့ မပါးနပ်မှုကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို မာရက်ဇ်က ဂိုးသမား ကီပါ ဒိုက်ပစ်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက် ဘယ်ခြမ်းကို အပြင်းကန်သွင်းပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ချဲလ်ဆီးတို့ကို လေးဂိုး-ဂိုးမရှိနိုင်ပွဲနဲ့ အက်ဖ်အေဖလားရဲ့ စတုတ္ထ အဆင့်ကို တက်ရောက်သွားခဲ့ကြသလို နည်းပြ ဂွါဒီယိုလာကတော့ ဟားလန်းကို ချန်ထားခဲ့တာတောင် လေးဂိုး သွင်းယူနိုင်ခဲ့လို့ ဝင့်ကြွားနိုင်ခဲ့ပါတယ်။