မာရက်ဇ်က ပင်နယ်တီ ပေးကန်ခဲ့လို့ သိပ်ပျော်နေကြောင်း ရိုးရိုးသားသား ထုတ်ပြောလာတဲ့ အဲလ်ဗာရက်ဇ်

မနေ့ညက အီတီဟတ်ကွင်းမှာ ချဲလ်ဆီးကို (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အက်အေဖလား တတိယ အဆင့်ပွဲစဉ်အတွင်း မန်စီးတီးအသင်းအတွက် ပင်နယ်တီကနေတစ်ဆင့် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ် ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်က ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့တဲ့အပေါ် ပျော်ရွှင်မိတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ အဲလ်ဗာရက်ဇ်ဟာ ကမ္ဘာ့ဖလားအပြီးကတည်းက မန်စီးတီးအတွက် ပွဲထွက်ကစားရခြင်း မရှိသေးပဲ ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ အက်အေဖလားပွဲမှသာ ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပြီး သွင်းဂိုးတစ်ဂိုးပါ သွင်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် မိနစ်(၃၀)အတွင်း မန်စီးတီးအသင်း ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး တကယ်ဆိုရင် ဒီပင်နယ်တီကို မာရက်ဇ် ကန်သွင်းရမှာ ဖြစ်ပေမယ့်လည်း မာရက်ဇ်က အခုပွဲစဉ်အတွင်း အသင်းအတွက် ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့သူ အဲလ်ဗာရက်ဇ်ကိုသာ ကန်သွင်းစေခဲ့ပြီး သူကလည်း ပင်နယ်တီကို အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ပွဲစဉ်အပြီးမှာ အဲလ်ဗာရက်ဇ်က “ကျွန်တော်တို့ ကစားတာ အရမ်းကောင်းမွန်ခဲ့ပါတယ်။ (၄)ဂိုးပြတ်အထိ သွင်းယူနိုင်တာရော ရလဒ်အပေါ်မှာပါ ကျွန်တော်တို့ ပျော်ရွှင်နေရပါတယ်။ အခု ကျွန်တော်တို့တွေက လာမဲ့ ပွဲစဉ်တွေ အတွက်ကိုပဲ အာရုံစိုက်နေပါတယ်။

မာရက်ဇ်က ကျွန်တော့်ကို ဒီပင်နယ်တီ ကန်သွင်းခွင့်ပေးလို့ အရမ်း ဝမ်းသာပျော်ရွှင်မိပါတယ်။ အသင်းရဲ့ နိုင်ပွဲမှာ ပါဝင် အားဖြည့်ခွင့်ရလို့ ပျော်ရွှင်မိပါတယ်။ အခု ကျွန်တော်တို့တွေ အသင်းရဲ့ ရှေ့လာမဲ့ ပွဲစဉ်တွေအတွက်ကို အာရုံစိုက်နေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ် အာဂျင်တီးနား ကစားသမားလေး အဲလ်ဗာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှ မန်စီးတီး အသင်းအတွက် ပွဲဦးထွက် ပါဝင်ထားခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံ (၂၂)ပွဲမှာ (၈)ဂိုးသွင်းပြီး (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

မန်စီးတီးမှာ ဂိုးအရမ်းမြူးနေတဲ့ အာလင်းဟာလန်းကြောင့် ပွဲကစားခွင့်တွေ နည်းပါးနေခဲ့ရပေမယ့် ပါဝင်ခွင့်ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် သက်ရောက်မှု တစ်ခု မဟုတ် တစ်ခု လုပ်ဆောင်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်း က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပြီး ၎င်းကလည်း ပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။