ကျန်းမာရေးကြောင့် အနားယူခဲ့ပေမယ့် မြက်ခင်းစိမ်းတွေပေါ် ပြန် ကစားတော့မယ့် မန်စီးတီး တိုက်စစ်မှုးဟောင်း အဂွေရို

မန်စီးတီး တိုက်စစ်မှုး ဆာဂျီယို အဂွေရို ဟာ ၂၀၂၁ ခုနှစ်မှာ ကျန်းမာရေးကြောင့် ကစားသမားဘဝကနေ အနားယူ ခဲ့ရပြီးနောက် ကွင်းထဲကို စိတ်လှုပ်ရှားဖွယ် ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ အာဂျင်တီးနားတိုက်စစ်မှူးဟာ အလာဗက်စ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာ အတွက် ပါဝင်ကစားပေးနေရင်း ရင်ဘတ်အောင့်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ နူးကမ့်မှာ ဘာစီလိုနာအတွက် အဂွေရို ပထမဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့်လည်း ပထမပိုင်း ၄၁ မိနစ်မှာပဲ ခေါင်းတိုက်ဘောမှာ အနိုင်ရရှိခဲ့ပြီးနောက် မြက်ခင်းပေါ် လဲကျခဲ့ပြီး အဆုံးသတ် ခဲ့တာဖြစ်ပါတယ်။

အဂွေရိုဟာ နောက်ထပ်တစ်လအကြာ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်စက်လက်နဲ့ ကစားသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို ကြေညာခဲ့ပြီး ဘောလုံးမရှိတဲ့ဘဝမှာ အသားကျအောင် ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဂွေရိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ရေ င်းခဲ့ပြီး ကာတာမှာ လီယွန်နယ် မက်ဆီရဲ့အသင်းက အောင်ပွဲရရှိခဲ့ပြီးနောက် အောင်ပွဲခံရာမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးဂန္တဝင်က အချစ်မြတ်နိုးဆုံးအလုပ်ကို ပြန်လည် လုပ်ဆောင်တော့မယ်လို့ ကြေညာခဲ့ပြီဖြစ်ပြီး အဂွေရိုဟာ အီကွေဒေါကလပ်အသင်း ဘာစီလိုနာ အက်စ်စီရဲ့ နှစ်စဉ်ကစားနေကျ ခြေစမ်းပွဲစဉ် ၂၀၂၃ နိုချေ အမာရီလာအတွက် ဧည့်သည် ကစားသမားအဖြစ် ကစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခြေစမ်းပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂွေရိုဟာ လက်ရှိမှာတော့ ပါဝင်ကစားပေးဖို့အတွက် မီးစိမ်းပြသခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

“ ကျွန်တော် နှလုံးအထူးကုနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အရမ်းကောင်းမွန်နေပါတယ်။ ကျွန်တော် လေ့ကျင့်ရေးတောင် စဆင်းနေခဲ့ပြီးပါပြီ။ အဲဒီတော့ ကျွန်တော် နိုချေ အမာရီလာပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်မှာပါ”

“ကျွန်တော် ကွင်းထဲမှာ နောက်ထပ်တစ်ကြိမ် ပျော်ရွှင်ခံစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ကာတာမှာတုန်းက ထမင်း ထွက်စားပြီး အီကွေဒေါရဲ့ ပထမဆုံးပွဲစဉ်ကို ကြည့်ရှုခဲ့ပါတယ်။ ဘာစီလိုနာ ပရိသတ်အချို့က ကျွန်တော့်ကို မှတ်မိသွားခဲ့ပြီး နိုချေ အမာရီလာကို လာဖို့ ပြောခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒင်ညို၊ ဒီယေဂို ဖော်လန်၊ ကာကာ၊ ဒဲလ် ပီယဲရို၊ ပီယာလို၊ ကားလို့စ် တီဗက်ဇ်တို့လို ကမ္ဘာကျော်စားသမားတွေဟာ ဒီပြိုင်ပွဲမှာ ကစားခဲ့ကြဖူးတာဖြစ်ပါတယ်။