မန်ယူနဲ့ ကန်မယ့် မန်ချက်စတာ ဒါဘီပွဲမှာ ဗျူဟာ အဆန်းတွေ ထုတ်လာနိုင်ကြောင်း ဂွာဒီယိုလာ ပြောဆို

လာမယ့် စနေနေ့ မန်ယူနဲ့ တွေ့မယ့် မန်ချက်စတာ ဒါဘီမှာ ဆန်းပြားတဲ့ နည်းစနစ်ပိုင်း အိုင်ဒီယာ အချို့ကို ချပြဖို့ ရှိတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။
ဒီအပတ်ပွဲမှာ မန်စီးတီးက အနိုင်ရမယ်ဆိုရင် လန်ဒန်ဒါဘီပွဲ မတိုင်ခင် အာဆင်နယ်နောက် ၂ မှတ်အကွာ အနေအထားကို ရောက်ရှိသွားမှာပါ။ ယူနိုက်တက် အနိုင်ရမယ်ဆိုရင် ၎င်းတို့ကလည်း မန်စီးတီးနဲ့ ၁ မှတ် အကွာ၊ အာဆင်နယ်နဲ့ ၆ မှတ် အကွာ အခြေအနေမျိုး ဖြစ်လာပါလိမ့်မယ်။
မန်စီးတီးမန်နေဂျာဘဝ ယူနိုက်တက် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်တဲ့ ပွဲစဉ် ၉ ပွဲမှာ ၆ ကြိမ် အနိုင်ရထားတဲ့ ဂွာဒီယိုလာက သုံးနေကျ နည်းစနစ်ဖြင့် ဒီပွဲကို ရင်ဆိုင်မှာ မဟုတ်ကြောင်း ပြောလာခဲ့တာ ဖြစ်ပါတယ်။
” ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ အရင်ပွဲတွေလို ဘောလုံးကို ပုံမှန်လောက်ပဲ ခြေထဲ ထိန်းကစားနိုင်မှာပါ။ ယူနိုက်တက်ကို ရင်ဆိုင်ဖို့အတွက် ကျနော်မှာ နည်းစနစ်ပိုင်း အိုင်ဒီယာ အချို့ ရှိပါတယ်၊ ဆန်းပြားတဲ့ အတွေး အချို့လည်း ရှိနေပါတယ်။
သူတို့ရဲ့ နောက်ဆုံးပွဲတွေကို အခုထိတော့ ကျနော် မကြည့်ရသေးဘူး။ သူတို့ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲတွေမှာ ဘယ်လိုကစားထားလဲ လေ့လာ ကြည့်ရမယ်၊ သူတို့ တစ်ခုခုများ အပြောင်းအလဲ လုပ်ထားလားပေါ့။
သူတို့ရဲ့ ကစားပုံတွေအကြောင်းကို ကျနော် လေ့လာကြည့်ဖို့ လိုနေပါသေးတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်ကို ရင်ဆိုင်ဖို့ လူစာရင်းတစ်ခုကို အခုချိန်ထိ သေချာလေး မစဉ်းစားရသေးတာပါ ” လို့ ဂွာဒီယိုလာက ဆိုလာခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဂွာဒီယိုလာဟာ ၁၅ မိနစ်ပဲ လေ့ကျင့်ထားပေမယ့် ကွင်းလယ်လူ ၂ ယောက်အား false nine အတွဲ ထားကာ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟာလန်း၊ အဲဗာရက်ဇ် အတွဲအပြင် ခံစစ် ၃ ယောက်တန်းမျိုးကို ရွေးချယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။