သူ့ လူစာရင်းကြောင့် ပွဲ ရှုံးတာ မဟုတ်ကြောင်း ပွဲအပြီးမှာ ရှင်းပြလာတဲ့ စီးတီး နည်းပြ ပက် ဂွါဒီယိုလာ

ဆောက်သမ်တန်ကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ညက ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်ဟာ မန်စီးတီးရဲ့ လူထုတ်ပုံ အမှားကြောင့် မဟုတ်ဘဲ အိမ်ရှင်က အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ အသင်းဖြစ်လို့ သာ အနိုင်ရသွားတာဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။

စိန့်မေရီကွင်းမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ စပိန်သား နည်းပြဟာ လူငယ် အရန် ကစားသမား တော်တော်များများကို ပွဲ ထုတ်အသုံးပြုခဲ့တာဖြစ်ပြီး အတွေ့အကြုံရင့် ကစားသမားဆိုလို့ ဂန်ဒိုဂန်၊ ဂရီလစ်ရှ်၊ ဖိုဒန်နဲ့ ကန်ဆယ်လိုတို့လောက်သာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဒါကြောင့် ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့တဲ့ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီး တီးဟာ အလုပ်မဖြစ်ခဲ့သလို စိန့်တွေရဲ့ အလဲထိုးတာကို ခံလိုက်ပြီး ပထမပိုင်း မှာတင် မာရာ၊ ဂျီနီပိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဂိုးရလဒ်နဲ့ ရှုံးခဲ့ရတာပါ။

ဒါ့အပြင် ဒုတိယပိုင်းကိုရောက်တော့ စီးတီးက ဒီဘရိုင်း၊ ဟာလန်း၊ နေသန်အာကီနဲ့ အာကန်ဂျီ တို့လို ကစားသမားတွေ ထည့်ပြီး လိုက်ကစားပေမဲ့လည်း အရာ မထင်ခဲ့ဘဲ အခုလို အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပွဲရဲ့ အရှုံးဟာ လူ စာရင်းကြောင့်မဟုတ်ဘဲ ဆောက်သမ်တန်က နိုင်သင့်လို့ နိုင်သွားတာဖြစ်တယ်လို့ ဂွါဒီယိုလာ က ဆိုပါတယ်။

” ဟာလန်း၊ ဒီဘရိုင်းတို့နဲ့ ပွဲထုတ်လာခဲ့မယ်ဆိုရင်လည်း ခြားနားမှု ရှိလား၊ မရှိဘူးလားဆိုတာ ဘယ်သူ သိမှာလဲ။ ကျွန်တော်တော့ မသိဘူး။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားခဲ့တယ်။

နောက်ပြီး ပရီးမီးယားလိဂ်ပွဲပြီးတော့ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ ပွဲမှာ လူစာရင်း အပြောင်းအလဲ လုပ်ခဲ့တယ်။ အဲဒါ အဆင်ပြေတယ်။ ဒီအလုပ်ရဲ့ လည်ပတ်ပုံကို ကျွန်တော် နားလည်ပါတယ်။

အသင်းမှာရှိတဲ့ သူတိုင်း ပါဝင် နိုင်ဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားတာပါ။ အားလုံး ပါဝင် လုပ်ဆောင်ရမယ်။ ဒီနေ့တော့ အလုပ်မဖြစ်ခဲ့တာပေါ့။ လူစာရင်းရွေးတာကြောင့်လို့ဆိုတဲ့ စိတ်ခံစားမှုမျိုးတော့ ကျွန်တော့်မှာ မရှိဘူး။

ဒီပုံစံအတိုင်းပဲ ကျွန်တော်တို့ ကစားခဲ့တာပဲလေ။ ဘာကြောင့်လဲလို့တော့ ကျုပ်ကို မမေးပါနဲ့။ ဒါက ကျွန် တော့် အတွေ့အကြုံပါပဲ။ ဒီနေ့ရွေးလိုက်တဲ့ လူစာရင်းက အဓိက မဟုတ်ဘူး။

ဒါက ဖြစ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပုံစံမကျလို့။ ပုံ စံမကျလို့ ဒီလိုဖြစ်တာ။ သူတို့ အနိုင်နဲ့ ထိုက်တန်ပါတယ်” လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

စီးတီးဟာ ကာရာဘောင်းဖလားပွဲ ပြီးတဲ့နောက် ဒီစနေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဒါဘီပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။