မန်ယူက အရင်လို မဟုတ်တော့ကြောင်း မန်ချက်စတာ ဒါဘီ ပွဲ မတိုင်ခင် သတိပေးလိုက်တဲ့ ဂန်ဒိုဂမ်
ဒီတစ်ပါတ်မှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့ဟာ စနေညမှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲ မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို ကစားသွားကြရဖို့ ရှိနေပါတယ်။
ချဲလ်ဆီးကို နှစ်ပွဲဆက် အနိုင်ကစားနိုင်ခဲ့တဲ့ မန်စီးတီး အသင်းဟာ ကာရာဘောင် ဖလား ပြိုင်ပွဲမှာ ဆောက်သမ်တန် အသင်းကို အံ့ဖွယ် ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲမှာ ထွက်ခွာသွားခဲ့ရပါတယ် ။ လက်ရှိ အချိန်မှာ မန်စီးတီး ကစားသမားတွေ စိတ်ပျက်နေမှာ အသေအချာပါပဲ ။
မန်စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဂန်ဒိုဂမ် က ကာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခွာလာခဲ့ရတဲ့နောက် ရှုံးပွဲက ထွက်လာချိန် ယုံကြည်မှု ပြည့်ဝဖို့ မလွယ်ကူကြောင်း ၊ ယူနိုက်တက်ဟာ ပိုကောင်းလာခဲ့ပြီ ဖြစ်ကြောင်း မန်ချက်စတာ ဒါဘီ မတိုင်ခင်မှာ ဝန်ခံသွားခဲ့ပါတယ် ။

” ဒီလို ကြီးမားတဲ့ ဒါဘီ ပွဲစဉ် မတိုင်ခင်မှာ ရှုံးပွဲ တွေ့ကြုံခဲ့ရတာက ယုံကြည်မှု ပြန်ရဖို့ တကယ်ပဲ မလွယ်ကူ စေနိုင်ပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ အိုးလ် ထရပ်ဖို့ဒ် မှာ ကစားခဲ့ဖူးကြပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ ဒီနေရာမှာ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ် ”
” ဒါပေမဲ့ အခု မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ကျွန်တော်တို့ ရင်ဆိုင် ကစားခဲ့ဖူးတဲ့ ပြီးခဲ့တဲ့ နှစ်တွေက အသင်းတွေနဲ့ ခြားနားသွားခဲ့ပြီလို့ ခံစားနေခဲ့ရပါတယ် ။ သူတို့တွေဟာ ယုံကြည်မှု ပြည့်ဝနေခဲ့ပြီး ဘောလုံးကိုလည်း ကောင်းကောင်း ကစားပြနိုင်ခဲ့ကြပါပြီ ”
” မန်ချက်စတာ ဒါဘီပွဲမှာတော့ ကျွန်တော်တို့ဟာ ဒီနေ့ထက် ပိုပြီး ကောင်းလွန်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ ကြိုးစား အားထုတ်ရတော့မှာ အသေအချာပါပဲ ” လို့ ဂန်ဒိုဂမ် က ထုတ်ပြောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အီတီဟတ်မှာ မန်စီးတီး အသင်းကို ရင်ဆိုင်ခဲ့ရစဉ်ကလို ခြေစွမ်းဆိုးရွားနေတာ မဟုတ်တော့ပဲ ကမ္ဘာ့ ဖလား ပြိုင်ပွဲပြီးနောက် ကစားခဲ့ရတဲ့ ပွဲစဉ်တိုင်း အနိုင် ကစားထားတာကြောင့် ဒီအပတ် ပွဲကတော့ အကြိတ်အနယ် ရှိမှာ အသေအချာပါပဲ။
