အိုးထရက်ဖို့ဒ်မှာ လူကျွံဂိုးနဲ့ စိတ်အားတက်သွားတဲ့ အိမ်ရှင် မန်ယူအသင်းကို မန်စီးတီး အရှုံးပေးခဲ့ရ
ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ်။
ဧည့်သည် မန်ချက်စတာစီးတီးအသင်းက ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ အာကေနဲ့ ဂျာအို ကန်ဆယ်လိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။
ပထမပိုင်းမှာ အကြိတ်အနယ် အပြန်အလှန် ထိုးဖောက်ခဲ့ပေမယ့် သွင်းဂိုးတော့ မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်အချို့ ပြုလုပ်ခဲ့ကြပေမယ့်လည်း မိနစ် ၆၀ မတိုင်ခင်အထိ ဘယ်ဘက်ကမှ ဂိုးပေါက်ကို ရှာတွေ့ခဲ့ခြင်းမရှိဘဲ ၅၇ မိနစ်မှာ ဂွါဒီယိုလာက ဖီးလ် ဖိုဒန်ရဲ့ နေရာမှာ ဂျက်ခ် ဂရီးလစ်ရှ်ကို လူစားဝင် ကစားပေးခဲ့ပါတယ်။
နောက်ထပ် ၃ မိနစ်အကြာမှာ ဒီဘရိုင်းနားရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို လူစားဝင်လာခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ်က လူကပ်ခံထားရခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းခုန်တိုက်ပြီး မန်ချက်စတာစီးတီးအသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူဖို့အတွက် ကြိုးပမ်းလာခဲ့ပြီး ၇၂ မိနစ်မှာ အဲရစ်ဆင်ရဲ့ နေရာမှာ အတိုးအလှုပ်ပိုလုပ်နိုင်တဲ့ ဂါနာချိုကို တန်ဟက်က ထည့်သွင်း ကစားစေခဲ့ပါတယ်။
၇၈ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ဘရူနို ဖာနန်ဒက်စ်က ကာစီမီရိုရဲ့ ပေးပို့မှုကနေ တဆင့် အီဒါဆန်နဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ထိုဂိုးမှာ ရက်ရှ်ဖို့ဒ် လူကျွံနေခဲ့ပေမယ့် မန်စီးတီး ခံစစ်သမားတွေ ကို အနှောင့်အယှက် မပေးခဲ့ဘူး ဆိုပြီး ဂိုးကို ခွင့်ပြုပေးခဲ့တာပါ။
ဒီအတွက် နည်းပြ ပက် ကိုယ်တိုင်လည်း ကွင်းဘေးကနေ အမျက်ကြီးစွာ ထွက်ခဲ့ပြီး စောဒက တက်ခဲ့ပေမယ့် အခြေအနေကို မပြောင်းလဲနိုင်ခဲ့ပါဘူး။
ချေပဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းဟာ ယုံကြည်မှု ပြန်လည်ရရှိလာခဲ့ပြီး နောက်ထပ် ၄ မိနစ်အကြာမှာ အဲရစ်ဆင်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဂါနာချိုက ဘယ်တောင်ပံကနေ မြေလှိမ့်ဘော ဖြတ်တင်ပေးပို့ခဲ့မှုကို မားကပ်စ် ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ ညာခြေနဲ့ ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ၄ မိနစ်အတွင်းမှာ ၂ ဂိုးဆက်တိုက် ခွင့်ပြုခဲ့ရတာကြောင့် တုန်လှုပ်သွားခဲ့ပုံပေါ်ပြီး ချေပဂိုး ပြန်လည်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ၂-၁ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။