အာဆင်နယ် ၈ မှတ် ဖြတ်ထားလည်း မန်စီးတီး ဖလားပဲ လို့ အခိုင်အမာ ပြောဆိုနေတဲ့ ဂယ်ရီနဗီးလ်
အာဆင်နယ်အသင်းက လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားပေမယ့်လည်း ထိပ်ဆုံး ၂ နေရာအပြင်ဘက်မှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ သရဲနီဟောင်း ဂယ်ရီ နဗီးက အခိုင်အမာ သုံးသပ်ခဲ့ပါတယ်။
မနေ့ညက ကစားသွားတဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ အာဆင်နယ်က စပါးကို ၂-ဝနဲ့ အနိုင်ရခဲ့ပြီးနောက် စီးတီးကို အမှတ် ပိုဖြတ်နိုင်သွားတာပါ။
ဒါပေမယ့်လည်း မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်း ဂယ်ရီ နဗီးက အာဆင်နယ်အနေနဲ့ အမှတ်ပေးဖလားကို ရရှိမှာမဟုတ်သလို ဒုတိယနေရာမှာတောင် ရာသီပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ယခုရာသီမှာ အမှတ်ပေးဖလားကိုအနိုင်ရရှိသွားမှာလားလို့ မေးမြန်းခဲ့ချိန်မှာ နဗီးလ်က
“မရနိုင်ဘူး။ ဒါပေမယ့် ကျွန်တော် လက်စတာတုန်းကလည်း အမှတ်ပေးဖလား မရနိုင်ဘူးလို့ ပြောခဲ့တာပဲ။ သူတို့တွေ အမှတ်ပေးဖလား မရနိုင်ပါဘူး”
“မန်ချက်စတာစီးတီးက အမှတ်ပေးဖလားကို အနိုင်ရရှိသွားပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်က ဒုတိယနေရာမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက အာဆင်နယ်ပရိသတ်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီ နဗီးက ဂန်းနားတွေအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို လက်ဝယ်ပိုင်ဆိုင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ကတော့ မန်စီးတီးထက်စာရင် အာဆင်နယ်ကို အမှတ်ပေးဖလား ရသွားစေခငျ်တယ်။ အဲဒါက ပရီးမီးယားလိဂ်အတွက် လုံးဝကို စိတ်လှုပ်ရှားဖွယ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ပရီးမီးယားလိဂ်ကို စောင့်ကြည့်ခဲ့တဲ့အကြောင်း စဉ်းစားမိတယ်။
ကျွန်တော်တို့ စီးတီးမဟုတ်ရင် လီဗာပူးလ်ကပဲ ပြီးခဲ့တဲ့ ၅ ရာသီစလုံး ဖလားတွေ သိမ်းကြုံးယူသွားခဲ့တယ်။ အာဆင်နယ်က ရောက်လာပြီး လိဂ်ဖလားကို အနိုင်ရရှိမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ရဲ့လိဂ်ကို ကြီးကျယ်ခမ်းနားစေပါလိမ့်မယ်။
ကျွန်တော် မန်ယူနိုက်တက် အမှတ်ပေးဖလားရတာမြင်ချင်ပါတယ်။ ဒါပေမယ့် အဲဒါက ဒီရာသီမှာတော့ ဖြစ်မယ်လို့ မထင်ပါဘူး”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။