ဟာလန်း ဒီတလောမှာ ဘာလို့ ဂိုးပေါက်ပျောက် ခြေစွမ်းကျသွားရသလဲ ဖာဒီနန် သုံးသပ် ထောက်ပြ

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တိုက်စစ်မှူး အာလင်းဟာလန်းတစ်ယောက် ပုံမှန်ခြေစွမ်းပျောက်ပြီး ဂိုးသွင်းအား ကျသွားတာဟာ ကစားသမားရဲ့ စွမ်းဆောင်ရည် ညံ့နေလို့ မဟုတ်ဘဲ မန်စီးတီးရဲ့ ပံ့ပိုးပေးနိုင်မှု အားနည်းခဲ့တာ ကြောင့် ဖြစ်ခဲ့ရတာလို့ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဆိုလိုက်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဒီရာသီမှာ မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုး သွင်းပေးထားပြီး ဖန်တီးမှု ၃ ကြိမ် လုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားပါ။

ဒါပေမဲ့ မန်ယူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ လမ်းပျောက်နေခဲ့သလို အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဂိုး ပေါက်တည့် ကန်ချက် တစ်ကြိမ်တောင် မလုပ်နိုင်ခဲ့ပါဘူး။

နောက်ပြီး ဟာလန်းက ပြိုင်ဘက်ခံစစ်မှူးတွေဖြစ်တဲ့ လုခ်ရှောနဲ့ ဗာရန်းတို့ရဲ့ အပိုင်ချုပ်ကွက်အောက်မှာ လှုပ်မရအောင်ကို ဖြစ်ခဲ့ရတာပါ။

ကြာင့် ဟာလန်းမပါတဲ့ မန်စီးတီးအသင်းကမှ ပိုကောင်းတယ်ဆိုတဲ့ ဝေဖန်သံတွေကို လူမှုကွန်ရက်တွေပေါ်မှာ ကြားလာ နေရပြီဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီလို ပြောဆို ရေးသားချက်တွေဟာ ပရမ်းပတာတွေဖြစ်ပြီး နော်ဝေသား တစ်ယောက် ဂိုးပေါက်ပျောက်နေရတဲ့အချက်က မန်စီးတီးရဲ့ လိုအပ်ချက် ကြောင့် ဖြစ်တယ်လို့ ဖာဒီနန်က မန်ချက်စတာ ညနေခင်း သတင်းမှာ ပြောဆိုသွားခဲ့ပါတယ်။

“ဟာလန်းက မန်ချက်စတာ စီးတီး အသင်းကို ပိုပြီး ဆိုးသွားစေတာလားလို့ လူတော်တော်များများက မေးနေကြတယ်။ အသင်းမှာ သွင်းဂိုးတွေ အများကြီး မရတော့ဘူးဆိုရင် ဒီကောင် မကောင်းတော့ဘူးပေါ့။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျွန်တော် စီးတီး ကို စောင့်ကြည့်ခဲ့တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာဆိုရင် စီးတီးဟာ ဟာလန်းကို ကောင်းကောင်း မပံ့ပိုးနိုင်ခဲ့ဘူး။ သူ ပြေးလွှား ကစားနေတာကို ကျွန် တော်နဲ့ လက်စကော့တို့ ထိုင်ကြည့် နေခဲ့ကြတာ။ သူက သူရှိရမယ့် အတိုင်း ရှိနေတာပဲ။

မန်စီးတီးက ရှေ့ကို ဘောလုံးရောက်အောင် ထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့တာ။ သူတို့ဟာ ရှေ့ကို ပေးပို့မှုတွေ အနည်းအကျဉ်း လုပ်မယ်ဆိုရင် သူကလည်း ဂိုးသွင်းခွင့်ရလာမှာဖြစ်ပြီး ဒီဂီယာကို ထိပ်တိုက် တွေ့မှာပေါ့။ ဒါပေမဲ့ သူတို့ ဒါကို မမြင်ခဲ့ကြဘူး။ ” လို့ ဖာဒီနန်က မန်စီးတီးရဲ့ အားနည်းချက်ကို ထောက်ပြဝေဖန်သွားခဲ့တာပါ။

နည်းပြ ဂွာဒီယိုလာကတော့ ဟာလန်းက အသင်းလိုက် ကစားပုံထဲ ပို လိုက်ပါဖို့ လိုအပ်နေကြောင်း ပြောဆိုထားပါတယ်။