စပါးနဲ့ ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ လူမစုံသေးတဲ့ မန်ချက်စတာ စီးတီးအသင်း အခြေအနေ

ကြားရက် ကြာသပတေးညမှာ ယှဉ်ပြိုင်ရမယ့် တော့တင်ဟမ် စပါးအသင်းနဲ့ ပွဲ မတိုင်ခင် မန်စီးတီးရဲ့ ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ လူစုံတတ်စုံ မပါဝင်နိုင်ခဲ့ပါဘူး။

မန်ချက်စတာ ဒါဘီမှာ ယူနိုက်တက်ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက အာဆင်နယ်နဲ့ ၈ မှတ်ပြတ် သွားတဲ့ မန်စီးတီးဟာ ဒီအပတ်မှာလည်း ပွဲကောင်းအဖြစ် စပါးကို ယှဉ်ပြိုင်ရဦးမှာပါ။ ဒါပေမယ့် ပွဲမတိုင်ခင်မှာ ကြံ့ခိုင်မှုဆိုင်ရာ ထူးခြား သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

အင်္ဂါနေ့ မန်စီးတီး လေ့ကျင့်ရေးကို အဓိက ကစားသမားဖြစ်သူ ဒီဘရိုင်း လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဘရိုင်း ဒဏ်ရာ ရနေတယ်လို့ ယူဆခံနေရတာဖြစ်ပြီး သူမပါနိုင်ရင်တော့ ကွင်းလယ်မှာ ဖိုဒန်ကို ထည့်သုံးမယ်လို့ ယူဆရတယ်။

ကမ္ဘာ့ဖလားမှာ အတော်လေး ဝေဖန်ခံခဲ့ရတဲ့ ဒီဘရိုင်းဟာ ကလပ်ပွဲ ပြန်စတင်လာချိန် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်မရသေးပါဘူး။ ဒီဘရိုင်း ရုန်းကန်နေရခြင်းနဲ့အတူ မန်စီးတီးကလည်း နိုင်ပွဲ ဆက်တိုက် ယူနိုင်ရေး ခက်ခဲမှုတွေ ရှိလာနေတယ်။

ဒါပေမယ့် မန်ချက်စတာ ဒါဘီမှာ မပါနိုင်ခဲ့တဲ့ ဂျွန်စတုန်းနဲ့ ဒီယက်စ်တို့ကတော့ စီးတီးရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်သွားခဲ့ပါတယ်။ ဒီယက်စ်ဟာ ကမ္ဘာ့ဖလား အပြီးတည်းက တံကောက်ကြော ဒဏ်ရာကြောင့် စီးတီးရဲ့ ပွဲတွေကို လွဲချော်နေခဲ့သူ ဖြစ်ပါတယ်။