ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အမှတ်ပြည့်ယူနိုင်ခဲ့တဲ့ မန်စီးတီး ၄-၂ စပါး အံ့ဖွယ် Comeback နိုင်ပွဲမှ ပြောစရာ အချက် ၅ ချက်

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီး-စပါး ပွဲစဉ်မှာတော့ စပါးအသင်းဟာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီးတီး အသင်းရဲ့ ဒုတိယပိုင်း ချေပဂိုးတွေကြောင့် နောက်ဆုံးမှာ မန်စီးတီးအသင်းကသာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နှစ်သင်းစလုံး ဖိအားအောက် ရောက်ရှိနေတာကြောင့် အနိုင်ရရှိဖို့ အသေအချာပြင်ဆင်လာခဲ့ကြပြီး ပထမပိုင်းမှာ တည်းက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် စပါးက ပထမပိုင်းကို ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းရဲ့ ကစားအားက ပိုမိုကောင်းမွန်လာခဲ့ပြီး အာလာဗက်ဇ်၊ ဟာလန်း၊ မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကို လိုက်လံဖိအားပေး လာနိုင်ခဲ့ပါတယ်။

၁။ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့တဲ့ မန်စီးတီး

များစွာသာ အာဆင်နယ် ပရိသတ်တွေဟာ ယနေ့ အီတီဟတ် ကွင်းကြီးရဲ့ ပထမပိုင်း ရလဒ်ကို နှစ်ထောင်းအားရ ခဲ့ကြပေမယ့် ဒုတိယပိုင်း မန်စီးတီးရဲ့ ပြန်လာမှုကြောင့် မချင့်မရဲ ဖြစ်ခဲ့ကြပါတယ်။ အကယ်၍ ယခုပွဲကိုသာ စီးတီးတို့ ထပ်မံအရေးနိမ့်ခဲ့ပါက အာဆင်နယ်နဲ့ ရမှတ် ၈ မှတ်အထိ ကွာဟသွားမှာ ဖြစ်ပေမယ့် ယခုနိုင်ပွဲကြောင့် ရမှတ် ၅ မှတ် ကွာ အနေအထားနဲ့ လိုက်လံဖိအားပေးထားနိုင်ပါတယ်။

၂။ အမှားများခဲ့တဲ့ အီဒါဆန်

ပြိုင်ဘက်တိုက်စစ်မှူးတွေကို လှည့်စားဖို့ အမြဲလိုလို ဆန္ဒပြင်းပြခဲ့တဲ့ အီဒါဆန်ဟာ ယခုလို လူပေးမှားယွင်းမှုတွေ အမြဲ လိုလို ပြုလုပ်တက်လေ့ရှိပြီး ယနေ့ပွဲမှာလည်း စပါးအသင်းရဲ့ အဖွင့်ဂိုးဟာ အီဒါဆန်ရဲ့ မှားယွင်းမှုကြောင့် ဖြစ်ပွားခဲ့ရတာပါ။

နည်းပြ ဂွာဒီယိုလာကိုယ်တိုင်က အီဒါဆန်ထံမှ ဘောလုံးစတင် ပေးပို့မှုတွေနဲ့ မကြာခဏ တိုက်စစ်ကို ပုံဖော်လေ့ ရှိတာကြောင့် ယခုတစ်ခေါက် အီဒါဆန်ရဲ့ မှားယွင်းမှုက နည်းပြရဲ့ တစ်စိတ်တစ်ဒေသ တာဝန်ပေးမှုတွေလည်း ပါဝင်ခဲ့မှာပါ။

၃။ သူရဲကောင်းဖြစ်ခဲ့ရတဲ့ မာရက်ဇ်

ယနေ့ပွဲမှာ မန်စီးတီးတို့ သေချာပေါက် အရှုံးနဲ့ ရင်ဆိုင်နိုင်လောက်တဲ့ အနေအထားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်း တစ်ပိုင်းလုံး စပါးအသင်းဘက်ကို ထိရောက်တဲ့ ဂိုးကန်ချက်တွေ မပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မာရက်ဇ်ရဲ့ ခြေစွမ်းပြသမှုတွေနဲ့အတူ ယခုလို အနိုင် ၃ မှတ်ရယူနိုင်ခဲ့တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

မာရက်ဇ်ဟာ ယနေ့ပွဲမှာ အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့သလို ပွဲပြီးခါနီးမှာလည်း စတုတ္ထမြောက် သွင်းဂိုးကိုလည်း အမှားအယွင်းမရှိ ထပ်မံရယူပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေ အပြည့်အ၀ ပျော်ရွှင်ခဲ့ရပါတယ်။

၄။ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့တဲ့ ဟာလန်း

နော်ဝေတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး စာရင်းကို ဦးဆောင်နေပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲစလုံး ဂိုး မိုးခေါင်နေခဲ့ရသူ တစ်ယောက်ဖြစ်ပြီး ယနေ့ပွဲရဲ့ ပထမပိုင်းမှာလည်း ပုံစံကောင်း ဆက်လက် ပျောက်ဆုံးနေခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

၅။ ချန်လှပ်ခံခဲ့ရတဲ့ ဒီဘရိုင်း

မန်စီးတီးအသင်းဟာ ယနေ့ပွဲမှာ ထူးထူးဆန်းဆန်း ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို အနားပေးခဲ့ပြီး ဒီဘရိုင်း အနေနဲ့လည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲစလုံး ဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ကာ ဂိုးသွင်းယူမှု မပြုနိုင် ခဲ့တာကြောင့် ယခုလို အနားပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဒီဘရိုင်း မပါဝင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပထမပိုင်းဟာ အနည်းငယ် ဟာတာတာ ဖြစ်ခဲ့ရပေမယ့် အလာဗက်ဇ်ရဲ့ ဒီဘရိုင်းရဲ့ နံပါတ် ၁၀ နေရာကို အကောင်းဆုံး အစားထိုး ကစားပေးခဲ့ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။