စပါးကို နိုင်ခဲ့ပေမယ့် အိမ်ကွင်း ပရိသတ်တွေနဲ့ စီးတီးအသင်းသားတွေ အပေါ် စိတ်ပျက်ကြောင်း ပက် ထုတ်ပြောလာ
မနေ့ညက စပါးကို အိမ်ကွင်းမှာ ၄-၂ ဖြင့် အနိုင်ရတဲ့ ပွဲအပြီးမှာ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူ့ ကစားသမားတွေကိုကော ပရိသတ်တွေကိုပါ သတိပေးစကား ပြောကြားသွားပါတယ်။
မန်စီးတီးဟာ အဲဗာရက်စ်၊ ဟာလန်း၊ မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပေမယ့် အားလုံးက ပေါ့ပျက်ပျက် နိုင်လွန်းခဲ့တာကြောင့် ဂွာဒီယိုလာကတော့ ဘယ်သူ့ကိုမှ အထင်မကြီးနိုင် ဖြစ်နေပါတယ်။ စီးတီးဟာ ပထမပိုင်း ပြီးချိန်မှာ ၂-ဝ နဲ့ အရေးနိမ့်နေခဲ့သေးတာပါ၊ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ မန်စီးတီးက အံ့ဖွယ် သွင်းဂိုးတွေ ပြန်ရယူပြီး စပါးရဲ့ ၂ ဂိုး အသာယူထားမှုကို ချေဖျက်ပြခဲ့တာပါ။ ဒါပေမယ့်လို့ အသင်းကို အားပေးရမယ့် ပရိသတ်တွေက လှောင်ပြောင်မှုတွေဖြင့် ထိုးနှက်ခဲ့ကြတာကို ဂွာဒီယိုလာက နာကျင်နေခဲ့တယ်။

‘ ကစားသမားတွေရဲ့ ပြင်းပြမှု၊ တောက်လောင်မှု၊ ဆန္ဒထက်သန်မှုတွေက ပထမဆုံး မိနစ်တည်းက လိုပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေကလည်း ကစားသမားတွေလိုပဲ ၄၅ မိနစ်လုံး ငြိမ်းသက်လွန်းကြတယ်။
၄၅ မိနစ်အပြီး ပရိသတ်တွေက ကျနော်တို့ကို boo လုပ်ကြတယ်။ ကျနော်တို့က ရှုံးနေတာကိုး။ ဒါပေမယ့် ဒါက မန်စီးတီးအသင်းပါ။ ကြည့်ရတာ ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ကို ၄ ကြိမ် အနိုင်ရတော့ ကျနော်တို့ အရမ်းကို ပေါ့ပါးနေကြတယ် ထင်ပါတယ်။ ပထမဂိုး အပြီးမှာ ကျနော်တို့ ကောင်းကောင်း တုန့်ပြန်နိုင်ခဲ့ပါတယ်။
အသင်း ပြန်လာနိုင်အောင် လုပ်ပေးဖို့က ကျနော် တာဝန်ပါ။ ကျနော် ပရိသတ်တွေကို ပြန်ရချင်တယ်ဗျာ။ အီတီဟက် ကွင်းမှာ ကျနော် ပရိသတ်တွေ ပြန်ရချင်တယ်။ အဝေးကွင်းတွေကို လိုက်အားပေးတဲ့ ပရိသတ်တွေကို မပြောဘူး။ ကျနော်ရဲ့ အဝေးကွင်း ပရိသတ်တွေက သိပ်ကောင်းတာ၊ ကျနော်ပြောတာ အိမ်ကွင်း ပရိသတ်တွေကို။
ကျနော်တို့ အဲ့လိုလုပ်ဖို့ လိုတယ်။ အခုက လူတိုင်းက အရမ်းကို သက်သောင့်သက်သာ ဖြစ်လွန်းတယ်။ ’ လို့ ဂွာဒီယိုလာက ပြောဆိုသွားတာ ဖြစ်ပါတယ်။
