ဒီည အာဆင်နယ်နဲ့ မန်ယူ ပွဲမှာ ဘယ်အသင်းကို အားပေးနေမလဲ ပက် ဂွာဒီယိုလာ ထုတ်ဖော် ပြောဆို

မန်စီးတီး နည်းပြပက် ဂွာဒီယိုလာ က ဒီနေ့ညမှာ ကစားကြမယ့် အာဆင်နယ် Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဘယ်အသင်းကို အားပေးနေမလဲ ထုတ်ပြော သွားခဲ့ပါတယ် ။

ဒီနေ့ညမှာတော့ အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် နဲ့ ယူနိုက်တက်တို့ ကစားသွားကြဖို့ ရှိနေပါတယ် ။ ဒီပွဲ မတိုင်မီမှာတော့ မန်စီးတီး အသင်းဟာ ဝုလ်ဗ် နဲ့ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီညရဲ့ ရလဒ်တွေက မန်စီးတီး ပရိသတ်တွေအတွက် ရင်ခုန်စရာ ဖြစ်နေခဲ့ပါတယ်။

ဝုလ်ဗ် နဲ့ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က မြို့ခံ ပြိုင်ဖက် အသင်းကို အားပေးသွားမှာ မဟုတ်ကြောင်း ၊ သူတို့နဲ့ အာဆင်နယ် အသင်းကြား ခြားနားချက် ကြီးမားကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

” ယူနိုက်တက်ကို အားပေးဖို့လား ? ကျွန်တော်ကတော့ ဒီအကြောင်းကို တွေးတောမနေပါဘူး ။ အာဆင်နယ်တို့ ယူနိုက်တက်ကို ရှုံးစေချင်လား ? ကျွန်တော်တို့တွေသာ အခုလိုမျိုး ရှေ့ဆက် ကစားနေကြရင် သူတို့တွေကို လိုက်မီမှာ မဟုတ်ပါဘူး ”

” ကျွန်တော်တို့ကို ကျွန်တော်တို့ အရင်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။ အာဆင်နယ် အသင်းသာ အခုလို ဆက်ပြီးကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဖက်က သူတို့ကို ဂုဏ်ပြုစကား ပြောကြရပါလိမ့်မယ်။

” လက်ရှိ အာဆင်နယ် အသင်းဟာ အလွတ် တည်ကန်ဘောတွေ ကစားတာကောင်းတယ်၊ အသင်းလိုက်စုဖွဲ့ပြီး ကစားနိုင်တယ် ၊ ခံစစ် ကစားချိန်မှာလည်း ကစားသမား ၁၀ ယောက်လုံး ဂိုး ဧရိယာထဲ ရှိနေတတ်ကြတယ် ။ ပြီးရင် အသွင်ပြောင်းကစားရာမှာလည်း ထူးကဲကြပါတယ်။

” သူတို့ရဲ့ ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံပုံ ၊ စကားပြောဆိုပုံ ၊ တစ်ဦးကို တစ်ဦး ကြည့်ပုံတွေက အစ ဘယ်လောက် အထိ လူညီလဲဆိုတာကို ပြသနေခဲ့ပါတယ်။ လက်ရှိ အချိန်မှာ သူတို့လို ဘောလုံး ကစားဟန်နဲ့ နည်းစနစ်တွေက ကျွန်တော်တို့ဆီမှာ ရှိမနေပါဘူး ” လို့ ဂွာဒီယိုလာ က ပြိုင်ဖက် အသင်းကို ချီးကျူးခဲ့ပါတယ်။