ဆာလာနဲ့ ဆွန်တို့ ရွှေဖိနပ်ဆု အတွက် သွင်းခဲ့ရတဲ့ ဂိုးလောက်ကို အေးဆေး သွင်းထားတဲ့ ဟာလန်း
အာလင်း ဟာလန်းဟာ မနေ့ညက ဝုဗ်နဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကြာသပတေးနေ့က စပါးကို နောက်ကနေ အနိုင်ပြန်ယူခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက် အနည်းငယ်ပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့ပြီးနောက် ဟာလန်းဟာ ဝုဗ် နဲ့ပွဲမှာ ပထမပိုင်း မိနစ် ၄၀ မှာ ဒီဘရိုင်းနားဖြတ်တင်လိုက်တဲ့ဘောလုံးကို အလွန်ကောင်းမွန်တဲ့ခေါင်းတိုက်ချက်နဲ့ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ ဟာလန်းက ဒုတိယပိုင်းမှာ ဂန်ဒိုဝမ်ကို ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ရူဘင် နက်ဗက်စ်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ အေးအေးဆေးဆေးပဲ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဂျိုဆေး ဆားရဲ့ အမှားကနေ မာရက်ဇ်က ဟာလန်းအတွက် ဘောလုံးကို အသာခင်းပေးခဲ့နိုင်ပြီး နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၄ ကြိမ်မြောက် ဟက်ထရစ်ပြည့်မြောက်စေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝတလျှောက်လုံး ဟက်ထရစ် ၁၆ ကြိမ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆွန်ဟောင်မင်နဲ့ မိုဟာမက် ဆာလားတို့ ရွှေဖိနပ်ဆုရရှိခဲ့တဲ့ သွင်းဂိုး အရေအတွက် ထက်တောင် ၂ ဂိုးသာလွန်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲသာ ရှိသေးချိန်မှာ သွင်းဂိုး ၂၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရာသီပြီးဆုံးဖို့က ၁၈ ပွဲကျန်ရှိနေသေးတာကြောင့် အာလင်း ဟာလန်းဟာ ၎င်းရဲ့ ထူးဆန်းတဲ့ ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက်ပြသနိုင်ဖို့ အချိန်အများကြီး ရှိနေသေးတာဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ၃ဂိုးသွင်းခဲ့တဲ့ နော်ဝေသားဟာ ပရီးမီးယားလိဂ်တစ်ရာသီမှာ အိမ်ကွင်းဂိုးသွင်းအများဆုံး(၁၆ဂိုး၊ ၂၀၁၁-၁၂ ရာသီမှာအဂူရိုရရှိထား)ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ဟက်ထရစ်သွင်း နောက်ထပ် ထိပ်တန်းခြေစွမ်းပြသခဲ့ပြီးနောက် အာလင်း ဟာလန်းဟာ ပွဲကစားချိန် မိနစ် ၆၀ မပြည့်ခင်မှာပဲ ကမ္ဘာ့ဖလားချန်ပီယံ ယူလီယန် အယ်လ်ဗာရက်ဇ်အတွက် ပွဲကစားချိန်မျှပေးခဲ့တာ ဖြစ်ပါတယ်။