ဂိုးမြူးရင်လည်း ဟာလန်းကြောင့်၊ ဂိုးပေါက် ပျောက်ရင်လည်း ဟာလန်းကြောင့် လို့ ပြောကြတဲ့ လူတွေ အပေါ် ပက် တုန့်ပြန်
မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ဝုဗ် နဲ့ ပွဲမှာ နော်ဝေး ကြယ်ပွင့် ဂိုးသွင်းစက် အာလင်း ဟာလန်းရဲ့ ဟက်ထရစ်နဲ့ အနိုင်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က အထိ ၄ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဟာလန်းဟာ ကြားရက်က စပါးနဲ့ ပွဲမှာ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ပြီး ဝုဗ်နဲ့ ပွဲမှာ ဒီရာသီ ၄ကြိမ်မြောက် ပရီးမီးယားလိဂ် ဟက်ထရစ်ကို ရယူသွားခဲ့ပါတယ်။
ဝုဗ်နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က ဟာလန်း ဂိုးပေါက်ပျောက်နေခဲ့ချိန် ဝေဖန်ခဲ့သူတွေကိုလည်း တုန့်ပြန်သွားခဲ့ပါတယ်။

ပက် က ” သူ ဘယ်နှကြိမ်မြောက် ဟက်ထရစ် ရထားတာတွေ ကျွန်တော် မသိပါဘူး ။ လူတွေက သူ ဂိုးသွင်းနိုင်တဲ့ အခါ သူကသာ ကျွန်တော်တို့ရဲ့ ဖြေရှင်းချက် ဖြစ်တယ်လို့ ပြောကြသလို သူ ဂိုးမသွင်းနိုင်တဲ့အခါကျပြန်တော့လည်း သူက ကျွန်တော်တို့ရဲ့ ပြဿနာကောင်လို့ ပြောကြပါတယ်။ ”
” ဒါဟာ လူတွေရဲ့ မမြဲမြံတဲ့ အတွေးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ရဲ့ အရည်အသွေးတွေကို သိထားပြီး တဦးနဲ့ တဦး အတွင်းသိတွေ ဖြစ်နေကြပါပြီ။ သူဟာ ကျွန်တော်တို့ရဲ့ ပွဲထွက်စာရင်းကနေ ဖယ်ရှားလို့ မရတဲ့ ကစားသမား တဦးပါ။ သူ့ကို False 9 ပုံစံ သုံးလို့ မဖြစ်ပါဘူး။ ”
” ကျွန်တော်တို့ကသာ သူ့ရဲ့ ကစားပုံနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နည်းစနစ်ကို အသုံးပြုရမှာပါ။ အခုအချိန် အထိ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ကစားပုံက ကောင်းနေတယ်လို့ ထင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ မန်စီးတီးဟာ မနေ့က ပွဲကို အနိုင်ရခဲ့ပေမယ့် ဇယားထိပ်က အာဆင်နယ်ကလည်း မန်ချက်စတာ ယူနိုက်တက်ကို ၃ – ၂ နဲ့ အနိုင်ရခဲ့တာကြောင့် တပွဲပို ကစားပြီး ၅မှတ် နောက်ကျကျန်နေဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ပက်ဂွာဒီယိုလာကတော့ ၎င်းတို့ဟာ လက်ကျန် ဘောလုံးရာသီ အတွင်း ဒီထက် တိုးတက်လာဖို့ ရှိကြောင်း ကတိပြုခဲ့ပါတယ်။
