အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ မန်စီးတီးက ကစားသမား ခေါ်ဖို့ လုပ်ခဲ့သေးပေမယ့် ငြင်းပယ်ခံခဲ့ရ

မန်ချက်စတာစီးတီးနဲ့ ပက် ဂွါဒီယိုလာတို့ဟာ အလွန် ရည်မှန်းချက်ကြီးမားတဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့ အငှား ခေါ်ယူမှုကို ပြုလုပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ လှုပ်ရှားမှု မရှိခဲ့ဘဲ ဂျာအို ကန်ဆယ်လိုကို ဘိုင်ယန်မြူးနစ် အသင်းဆီ အငှားချခဲ့တာသာ သိသာထင်ရှားတဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်နောက်ခံလူဟာ ကမ္ဘာ့ဖလားကနေ ပြန်လာပြီးနောက်ပိုင်းကတည်းက ပွဲကစားချိန် မရခဲ့တဲ့ အပေါ်မှာ မပျော်မရွှင်ဖြစ်လာခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၆၁ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ နေသန် အာကီ၊ ဆာဂီယို ဂိုးမက်ဇ်နဲ့ လာပေါ့တ်တို့ ဘယ်နောက်ခံနေရာအတွက် ရွေးချယ်စရာ ရှိနေတာကြောင့် ကန်ဆယ်လိုရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး The Athletic သတင်းထောက် ဆမ် လီးက ‘Why Always Us’ Podcast မှာ စီးတီးရဲ့ အပြီးသတ်ဝယ်ယူခွင့်နဲ့ အငှားခေါ်ယူမှုအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်စတာစီးတီးဟာ ၎င်းတို့ရဲ့ အဓိကဖန်တီးမှုပြုလုပ်ပေးနေတဲ့ ကစားသမားကို ဆုံးရှုံးလိုခြင်းမရှိတာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာာဖြစ်ပါတယ်။
“ကျွန်တော့် ကွန်ပျူတာမှာ iMessage တစ်ခုရခဲ့ပြီး အဲဒီထဲမှာ ‘စီးတီးက ဒီ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့)မှာ မက်ဒီဆင်ကို ခေါ်ယူနိုင်မယ်ဆိုရင် ခေါ်လိမ့်မယ်။ လက်စတာကို အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အငှားနဲ့ ကမ်းလှမ်းထားတယ်။ တုံ့ပြန်မှုကတော့ ဟင့်အင်းပါတဲ့’လို့ ရေးထားတယ်”လို့ ဆမ် လီးက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ဘာနာဒို ဆေးလ်ဗားနဲ့ ဂန်ဒိုဝမ်တို့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်တာကြောင့် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ နောဝစ်ချ်စီးတီးကြယ်ပွင့်ဟောင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ ခေါ်ယူမှု ပြုလုပ်ဖို့အတွက် စိတ်ဝင်စားနေခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။